ဘယ်လ်ဂျီယံနိုင်ငံရှိ ဘိုးဘွားရိပ်သာတွင် ဗြိတိန်နိုင်ငံမှ ဗီဇပြောင်း ဗိုင်းရပ်စ်ပိုးသစ် တွေ့ရှိ

၁၈ ဇန်နဝါရီ

 

 

ဘယ်လ်ဂျီယံနိုင်ငံရှိ ဘိုးဘွားရိပ်သာတစ်ခုမှာ နေထိုင်သူ လူပေါင်း ၁၀၀ ကျော်တွင် ဗြိတိန်နိုင်ငံမှ ဗီဇပြောင်း ဗိုင်းရပ်စ်ပိုးသစ် တွေ့ရှိကြောင်း အဲ့ဒီ ဘိုးဘွားရိပ်သာရဲ့ ဒါရိုက်တာ ရာဂင် ဒိုက်က တနင်္ဂနွေနေ့က ပြောပါတယ်။

 

 

နိုင်ငံရဲ့ အနောက်မြောက်ပိုင်း ဟိုသူလပ်မြို့ရှိ ဒီဂိုနီ ဗာတီ ဘိုးဘွားရိပ်သာမှာ ဗိုင်းရပ်စ်ပိုးအသစ် စတင် ကူးစက်လာပြီးနောက် ဘိုးဘွား သုံးဦး သေဆုံးကြောင်း၊ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၁၁၁ ဦးထဲမှာ ဝန်ထမ်း ၃၉ ဦးပါဝင်ကြောင်း နဲ့ ပိုးကူးစက်ခံရသူဦးရေဟာ ရိပ်သာနေ လူဦးရေရဲ့ သုံးပုံနှစ်ပုံရှိကြောင်း ဒါရိုက်တာ ဒိုက် က ဆက်ပြောပါတယ်။

 

 

ဗိုင်းရပ်စ်ပိုးအသစ် စတင်တွေ့ရှိတဲ့ ဟိုသူလပ်မြို့တွင် နေထိုင်သူ ၁၀,၀၀၀ ဝန်းကျင်အား အားကစား ပြုလုပ်ခြင်းအပါအဝင် လှုပ်ရှားမှုတွေကို တားမြစ်လိုက်ကြောင်း မြို့တော်ဝန် ဂျိုးအား ဟင်းဒရစ်က ပြောပါတယ်။

 

 

ဘိုးဘွားရိပ်သာနေထိုင်သူ ဗိုင်းရပ်စ်ပိုးအသစ် ကူးစက်ခံရသူတွေထဲက  မည်သူတစ်ဦးတစ်ယောက်မျှ ဗြိတိန်နိုင်ငံကို သွားရောက်ခဲ့တယ်လို့ မကြားကြောင်း မြို့တော်ဝန်က ဆက်ပြောပါတယ်။

 

 

ပုံမှန်အားဖြင့် ရောဂါပိုး ကူးစက်ခံရသူတွေဟာ ၇ ရက် စောင့်ကြည့်မှုအောက်မှာ နေထိုင်ရမှာဖြစ်ပေမယ့် ဗီဇပြောင်း ပိုးအသစ် တွေ့ရှိသူတွေအား  ၁၀ ရက်တိတိ သီးသန့် စောင့်ကြည့်မှုအောက်မှာ နေထိုင်ရမှာ ဖြစ်ကြောင်း မြို့တော်ဝန်က ပြောပါတယ်။ ဒါပေမယ့် ကူးစက်ရောဂါပညာရှင်ကတော့ မြို့ကို လုံးဝ အသွားအလာ ကန့်သတ်ပိတ်ဆို့ပြီး မြို့ခံတွေအားလုံးကို ရောဂါပိုး စစ်ဆေးပေးရေးကို တိုက်တွန်း ထားပါတယ်။

 

 

ဘယ်လ်ဂျီယံ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ပြောခွင့်ရသူက နိုင်ငံမှာ ဗြိတိန်နဲ့ တောင်အာဖရိက နိုင်ငံတွေက ဗီဇပြောင်း ဗိုင်းရပ်စ်ပိုးသစ် ကူးစက်ခံထားရသူ ဆယ်ဂဏန်း ရှိနေပြီဖြစ်ကြောင်းနဲ့ တခြားဗီဇပြောင်း ပိုးအသစ်လည်း တွေ့နိုင်ကြောင်း သောကြာနေ့က သတိပေး ပြောကြားထားပါတယ်။ ဒီဗိုင်းရပ်စ်ပိုး အသစ်နှစ်ခုလုံးဟာ Pfizer ထုတ်ကာကွယ်ဆေးကနေ တိုက်ထုတ်နိုင်ကြောင်း ဆက်ပြောပါတယ်။

 

 

ဗိုင်းရပ်စ်ပိုးအသစ် တွေ့ရှိရာ ဒီဂိုနီ ဗာတီ အမည်ရှိ ဘိုးဘွားရိပ်သာမှာ Pfizer ထုတ် ကာကွယ်ဆေးကို ယခုသီတင်းပတ်အတွင်းမှာ ထိုးပေးရန် စီစဉ်ထားပေမယ့် ရွှေ့ဆိုင်းထားကြောင်း  မြို့တော်ဝန်က ပြောပါတယ်။

 

 

ဘယ်လ်ဂျီယံနိုင်ငံမှာ ကပ်ရောဂါပိုး စတင်ချိန်ကစပြီး လူပေါင်း ၆၇၇,၂၀၉ ဦးမှာ ရောဂါပိုးတွေ့ရှိပြီး ၂၀,၃၉၆ ဦး သေဆုံးကြောင်း နောက်ဆုံးထုတ်ပြန်ချက်အရ သိရပါတယ်။

 

 

MDN

ကိုးကား - AFP

mdn