ဗီဇပြောင်း ဗိုင်းရပ်စ် ကူးစက်မှု တွေ့ရှိရသဖြင့် ဩစတြေးလျနိုင်ငံ တတိယ အကြီးဆုံးမြို့တွင် အသွားအလာ ကန့်သတ်မှု သုံးရက်ကြာပြုလုပ်

၈ ဇန်နဝါရီ

 

 

ဩစတြေးလျနိုင်ငံ၏ တတိယ အကြီးဆုံးမြို့ဖြစ်သော  ဘရစ္စဘိန်းမြို့တွင် ဒေသခံတစ်ဦးတွင် ကိုဗစ်-၁၉ ဗီဇပြောင်း ဗိုင်းရပ်စ်ကူးစက်မှု တွေ့ရှိခဲ့သဖြင့် ဇန်နဝါရီ ၈ ရက် မွန်းလွဲပိုင်းမှစတင်ကာ သုံးရက်ကြာ အသွားအလာ ကန့်သတ်မှုပြုလုပ်မည် ဖြစ်သည်။

 

 

ဘရစ္စဘိန်းမြို့ တည်ရှိရာ ကွင်းစလန်ပြည်နယ် ကျန်းမာရေးဌာန ပြောကြားချက်အရ ဘရစ္စဘိန်း ဒေသတွင် သောကြာနေ့ညနေ ၆ နာရီမှ လာမည့်တနင်္လာနေ့ ညနေ ၆ နာရီအထိ အသွားအလာ ကန့်သတ်ထားမည်ဟု သိရသည်။

 

 

ဗီဇပြောင်းဗိုင်းရပ်စ်သည် ကူးစက်မှု အလွန်လျင်မြန်ပြီး ၇၀ ရာခိုင်နှုန်း ပိုမိုကူးစက် လွယ်သည်ဟု သိရကြောင်းနှင့် ဗိုင်းရပ်စ်ကူးစက်မှုကို ရပ်တန့်သွားရန် မိမိတို့အနေဖြင့် အစွမ်းကုန် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ကွင်းစလန်ပြည်နယ် ဝန်ကြီးချုပ်က သတင်းစာ ရှင်းလင်းပွဲ တစ်ခုတွင် ပြောကြားသည်။

 

 

ဘရစ္စဘိန်းမြို့ ကွာရန်တင်း ဟိုတယ်တွင် သန့်ရှင်းရေး အလုပ်လုပ်နေသူ တစ်ဦးတွင် ဗီဇပြောင်း ဗိုင်းရပ်စ် ကူးစက်မှု တွေ့ရှိရပြီးနောက် ယင်းသို့ ကန့်သတ်ချက်များ တင်းကျပ်ခဲ့ခြင်း ဖြစ်သည်။ ထိုသူသည် ကူးစက်မြန် ကိုဗစ်-၁၉ ဗီဇပြောင်း ဗိုင်းရပ်စ် ကူးစက်မှု ပထမဆုံး ဖြစ်ပွားခဲ့သူ ဖြစ်သည်။

 

 

သောကြာနေ့ သန်းခေါင်ယံချိန်မှ စတင်ကာ ဘရစ္စဘိန်းဒေသမှတောင် ဩစတြေးလျသို့ လာရောက်သူ မည်သူမဆို ၁၄ ရက်ကြာ ကွာရန်တင်း နေထိုင်ရမည် ဖြစ်သည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

mdn