၂၂ ဒီဇင်ဘာ
ဆွီဒင်နိုင်ငံက အိမ်နီးချင်း ဒိန်းမတ်နိုင်ငံမှ ဝင်ရောက်လာမှုအား ပိတ်ပင်လိုက်ကြောင်း တနင်္လာနေ့က ကြေညာလိုက်ပါတယ်။ ဗြိတိန်မှာတွေ့ရတဲ့ ဗီဇပြောင်း ဗိုင်းရပ်စ်ပိုးအသစ်အား ဒိန်းမတ်နိုင်ငံမှာလည်း တွေ့ရှိရကြောင်း သတင်းတွေရရှိတဲ့အတွက် အခုလို ပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။
ဗီဇပြောင်း ဗိုင်းရပ်စ်ပိုးအသစ်ကို ဒိန်းမတ်နိုင်ငံနဲ့ နိုင်ငံတချို့မှာ တွေ့ရှိကြောင်း အတည်ပြုပြီးနောက် ဒိန်းမတ်နိုင်ငံမှာ ပိုးတွေ့ရှိသူများလာတဲ့အတွက် ရှော့ပင်းမောလို နေရာတွေပိတ်ထားတာကို တွေ့ရပါတယ်။ ဒိန်းမတ်ဘက်ကနေ ဆွီဒင်ကို ခရစ္စမတ်အတွက် ဈေးဝယ်ထွက်ခြင်းနဲ့ အပျော်ခရီးအဖြစ် လာရောက်ခြင်းရှိတာကြောင့် အခုလိုတားမြစ်တာဖြစ်ကြောင်း ဆွီဒင်ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။
ဒိန်းမတ်နိုင်ငံမှာ ဗီဇပြောင်း ဗိုင်းရပ်စ်ပိုးအသစ် ကူးစက်ခံသူ ၉ ဦးရှိကြောင်း ဒိန်းမတ် ကျန်းမာရေးအရာရှိတွေက ထုတ်ပြန်ကြေညာပါတယ်။
ဆွီဒင်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှုများနေချိန် အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ နော်ဝေ၊ ဒိန်းမတ်နဲ့ ဖင်လန်နိုင်ငံတွေက ခရီးသွားလာမှုကို ကန့်သတ်ခဲ့ပါတယ်။ ဒုတိယလှိုင်းဒဏ် ခံနေရတဲ့ ဆွီဒင်ဟာ လက်တလောမှာ တင်းတင်းကျပ်ကျပ် တားမြစ်မှုတွေ လုပ်ဆောင်နေပါတယ်။
ပြီးခဲ့တဲ့လ လူ ၈ ဦးထက်ကျော်ပြီး စုဝေးခွင့်မရှိကြောင်းနဲ့ ပြီးခဲ့တဲ့သီတင်းပတ်ကစပြီး အများသုံး ယာဉ်တွေပေါ်မှာ မျက်နှာဖုံးဝတ်ဆင်ရန် အကြံပြုထားပါတယ်။
လူဦးရေ ၁၀ သန်းကျော် နေထိုင်တဲ့ ဆွီဒင်နိုင်ငံမှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၃၆၇,၁၂၀ ဦးနဲ့ သေဆုံး ၇,၉၉၃ ဦးရှိကြောင်း နောက်ဆုံးထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
MDN
ကိုးကား - AFP
![mdn](https://mdn.gov.mm/sites/default/files/inline-images/131895795_823448988231564_860501576339631378_n.jpg)