ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ပိုးသစ်ကြောင့် စိုးရိမ်စိတ်ပျံ့နှံ့နေစဉ် အိန္ဒိယ၌ လန်ဒန်မှ လာသော ခရီးသည်ငါးဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ

နယူးဒေလီ၊ ၂၂ ဒီဇင်ဘာ

 

မကြာသေးမီက ဗြိတိန်၌ ကူးစက်မြန်ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ပိုးသစ် တွေ့ရှိခဲ့ပြီးနောက် ပြည်သူများအကြား စိုးရိမ်ပူပန်စိတ်များပျံ့နှံ့နေစဉ် လေကြောင်းခရီးဖြင့် လန်ဒန်မြို့မှ နယူးဒေလီမြို့သို့ ရောက်ရှိလာသော ခရီးသည်ငါးဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ကြောင်း ဒေသဆိုင်ရာမီဒီယာများက ယနေ့ ပြောကြားသည်။

 

အဆိုပါ ခရီးသည်ငါးဦးသည် ယမန်နေ့က လန်ဒန်မှ နယူးဒေလီအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆိုက်ရောက်သည့် အဲအိန္ဒိယလေကြောင်းလိုင်း လေယာဉ်တစ်စင်းပေါ် လိုက်ပါလာသော ခရီးသည်ပေါင်း ၂၆၆ ဦးထဲမှ ခရီးသည်များဖြစ်ကြသည်။

 

ခရီးသည်များသည် နယူးဒေလီလေဆိပ်ရောက်ရှိခဲ့ပြီးနောက် ကိုဗစ်-၁၉ ရောဂါပိုးရှိ၊ မရှိ စမ်းသပ် စစ်ဆေးမှုခံယူပြီး ၎င်းတို့၏ နမူနာကို စမ်းသပ်စစ်ဆေးရန် အမျိုးသားရောဂါထိန်းချုပ်ရေးစင်တာသို့ ပို့ဆောင်ကာ ခရီးသည်ငါးဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ခြင်းဖြစ်ပြီး အဆိုပါခရီးသည်ငါးဦးကို ဆေးဝါးကုသမှုခံယူရန် ရောဂါကုသရေးစင်တာများသို့ ပို့ဆောင်ထားကြောင်း ဒေသဆိုင်ရာရုပ်သံ လိုင်းတစ်ခုက ကြေညာသည်။

 

အိန္ဒိယအစိုးရသည် ဗြိတိန်၌ ကူးစက်မြန်ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ပိုးသစ်တစ်မျိုး တွေ့ရှိခဲ့ပြီးနောက် ဗြိတိန်မှ လာသောလေကြောင်းခရီးစဉ်အားလုံးကို ဒီဇင်ဘာ ၂၃ ရက်မှ ၃၁ ရက်အထိ ယာယီဆိုင်းငံ့ထားရန် ယမန်နေ့က ဆုံးဖြတ်လိုက်သည်။

 

ထို့အပြင် ဗြိတိန်မှ ထွက်ခွာလာပြီး အိန္ဒိယနိုင်ငံ၌ ခရီးတစ်ထောက်ရပ်နားသည့် လေယာဉ်များမှ ခရီးသည်အားလုံးကို ရောဂါကြိုတင်ကာကွယ်သည့်အနေဖြင့် အိန္ဒိယလေဆိပ်များတွင် မဖြစ်မနေ ရောဂါ စမ်းသပ်စစ်ဆေးမှုခံယူကြရန်လည်း ကြေညာထားသည်။

 

လက်ရှိအချိန်အထိ အိန္ဒိယနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၁၀၀၇၅၁၁၆ ဦးရှိလာပြီး ၎င်းတို့အနက် ၁၄၆၁၁၁ ဦးသည် အဆိုပါရောဂါကြောင့် သေဆုံးခဲ့ကြောင်း အိန္ဒိယကျန်းမာရေးဝန်ကြီး ဌာနမှ ယနေ့ထုတ်ပြန်သည့် နောက်ဆုံးကိန်းဂဏန်းများအရ သိရသည်။

 

ယခုအခါ အိန္ဒိယနိုင်ငံသည် ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ ရောဂါ ဒုတိယအဆိုးဆုံး ထိခိုက်သွားသည့်နိုင်ငံ ဖြစ်လာခဲ့သည်။

 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - ဂျေတီ