ဗီလာရီးရဲကို အနိုင်ယူပြီး လီဗာပူး ချန်ပီယံလိဂ်ဗိုလ်လုပွဲတက်

ယူအီးအက်ဖ်အေချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ဒုတိယအကျော့မှ ဗီလာရီးရဲနှင့် လီဗာပူးအသင်းတို့ပွဲစဉ်ကို မေ ၄ ရက် နံနက်ပိုင်းက ဗီလာရီးရဲအိမ်ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ လီဗာပူးအသင်းက သုံးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရရှိပြီး နှစ်ကျော့ပေါင်းရလဒ် ငါးဂိုး-နှစ်ဂိုးဖြင့် လီဗာပူးအသင်း ဗိုလ်လုပွဲ တက်လှမ်းနိုင်ခဲ့သည်။

နာမည်ကြီး ဂျူဗင်တပ်စ်နှင့် ဘိုင်ယန်မြူးနစ်အသင်းတို့ကို အနိုင်ယူကျော်ဖြတ်နိုင်ခဲ့သော ဗီလာရီးရဲ အသင်းသည် ယခုပွဲစဉ်တွင် လီဗာပူးအသင်းကို မိနစ် ၆ဝ အထိ နှစ်ဂိုး-ဂိုးမရှိဖြင့် ဦးဆောင်နိုင် ခဲ့သော်လည်း ချေပဂိုးနှင့် အနိုင်ဂိုးများ ခွင့်ပြုပေးခဲ့ရပြီး နှစ်ကျော့ပေါင်းရလဒ်ဖြင့် ရှုံးနိမ့်ကာ ပြိုင်ပွဲမှ ထွက်ခွာခဲ့ရပြီဖြစ်သည်။ ဗီလာရီးရဲအသင်းအတွက် သွင်းဂိုးများကို ပွဲချိန် သုံးမိနစ်နှင့် ၄၁ မိနစ်တွင် ဒီယာနှင့် ကိုကွီလင်တို့က သွင်းယူပေးခဲ့သည်။ လီဗာပူးအသင်းအတွက် သွင်းဂိုးများကို ပွဲချိန် ၆၂ မိနစ်၊ ၆၇ မိနစ်နှင့် ၇၄ မိနစ်တို့တွင် ဖာဘင်ဟို၊ ဒီယက်ဇ်နှင့် မာနေးတို့က သွင်းယူပေးခဲ့သည်။

လီဗာပူးအသင်းသည် ဥရောပဖလား သို့မဟုတ် ချန်ပီယံလိဂ်ဖလားပြိုင်ပွဲ ဗိုလ်လုပွဲသို့ ယခုအကြိမ် တက်လှမ်းနိုင်ခြင်းသည် အသင်းသမိုင်းတစ်လျှောက် (၁၀) ကြိမ်မြောက် တက်လှမ်းနိုင်ခြင်းဖြစ်ပြီး ၁၉၇၇၊ ၁၉၇၈၊ ၁၉၈၁၊ ၁၉၈၄၊ ၂၀၀၅ နှင့် ၂၀၁၉ ခုနှစ်တို့တွင် ဖလားဆွတ်ခူးထားသည်။ ထို့ပြင် လီဗာပူးအသင်းသည် ချန်ပီယံ လိဂ်ဖလားဗိုလ်လုပွဲသို့ တက်လှမ်းနိုင်ခဲ့သောကြောင့် ယခုနှစ်ရာသီ တွင် ဖလားလေးလုံး ဆွတ်ခူးရန် အခွင့်အရေးကောင်းတစ်ခု ပိုင်ဆိုင်ခဲ့ပြီဖြစ်သည်။ လီဗာပူးအသင်းသည် ဖေဖော်ဝါရီလတွင် ကာရာဘောင်ဖလားဗိုလ်လုပွဲ၌ ချယ်ဆီးအသင်းကို ပယ်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ယူကာ ဖလားဆွတ်ခူးထားပြီးဖြစ်သည်။ လီဗာပူးအသင်းအနေဖြင့် မေ ၁၄ ရက်တွင် ဝင်ဘလေ ကွင်း၌ ကစားမည့် အက်ဖ်အေဖလားဗိုလ်လုပွဲတွင်လည်း ချယ်ဆီးအသင်းနှင့်ပင် ယှဉ်ပြိုင်ကစား ရမည်ဖြစ်သည်။

လီဗာပူးအသင်းသည် ချန်ပီယံလိဂ်ပြိုင်ပွဲ ဗိုလ်လုပွဲတွင် ရီးရဲ မက်ဒရစ်နှင့် မန်စီးတီးအသင်းတို့ထဲမှ အနိုင်ရရှိမည့်အသင်းနှင့် မေ ၂၈ ရက်တွင် ပြင်သစ်နိုင်ငံ Stade de France ကွင်း၌ အကြိတ်အနယ် ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။

အောင်ဇော်