ဗီယက်နမ်ငါးဖမ်းသမား ၁၆ ဦးကို မလေးရှားရေကြောင်းအာဏာပိုင်အဖွဲ့ ဖမ်းဆီး

ကွာလာလမ်ပူ ၂၅ ဇန်နဝါရီ

ငါးဖမ်းဆီးခွင့်လိုင်စင် တစ်စုံတစ်ရာမပါရှိဘဲ မလေးရှားရေပိုင် နက်အတွင်းသို့ဝင်ရောက်ခဲ့သည့် ဗီယက်နမ် ငါးဖမ်းသင်္ဘောနှစ်စင်းမှ ငါးဖမ်းသမား ၁၆ ဦးကို မလေးရှားရေကြောင်း အာဏာပိုင်အဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ဘနားမားသတင်း အေဂျင်စီက သတင်းထုတ်ပြန်ခဲ့သည်။

ငါးဖမ်းသမားများနှင့် ငါးဖမ်းသင်္ဘောနှစ်စင်းတို့ကို ဇန်နဝါရီ ၂၂ ရက်တွင် မလေးရှားကျွန်းဆွယ်အရှေ့ဘက် ကမ်းရိုးတန်းရှိ တီရန်ဂါနူပြည်နယ်၌ ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်ကြောင်း မလေးရှားရေကြောင်း အာဏာပိုင်အဖွဲ့ က ပြောကြားခဲ့သည်။

အဆိုပါ ငါးဖမ်းသင်္ဘောနှစ်စင်းအား စစ်ဆေးခဲ့ရာတွင် အသက် ၁၈ နှစ်မှ၆၂ နှစ်အထိရှိသည့် သင်္ဘောကပ္ပတိန်များ အပါအဝင် ငါးဖမ်းသမား ၁၆ ဦး ပါရှိကြောင်းနှင့် ၎င်းတို့တွင် မလေးရှားရေပိုင်နက်အတွင်း ငါးဖမ်းဆီးနိုင်မည့် မည်သည့်လိုင်စင် သို့မဟုတ် မည်သည့်တရားဝင်မှတ်ပုံတင် စာရွက်စာတမ်းမျှမပါရှိကြောင်း တီရန်ဂါပြည်နယ် ရေကြောင်းအာဏာပိုင်အဖွဲ့မှ ညွှန်ကြားရေးမှူး မူဟာမက်ဆူဖီ မောက်ဒ်ရမ်လီက ပြောကြားခဲ့သည်။

၎င်းငါးဖမ်းသမားများသည် ဖမ်းဆီးမခံရမီက ကိုဗစ်၁၉ ရောဂါရှိ၊ မရှိ စစ်ဆေးခံခဲ့ကြကြောင်းနှင့် ၎င်းတို့အား ငါးလုပ်ငန်းအက်ဥပဒေ ၁၉၈၅ နှင့် လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေ ၁၉၅၉/၆၃ တို့အရ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

ကိုးကား-ဗန်ကောက်ပို့စ်

ဘာသာပြန်-အလင်းသစ်