ဗီယက်နမ်နိုင်ငံ၏ ပင်လယ်စာတင်ပို့မှု ၂၀၂၄ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၉ ဒသမ ၅ ဘီလီယံအထိ ရောက်ရှိရန် မျှော်မှန်း

ဟနွိုင်း၊ မတ် ၈

ဗီယက်နမ်နိုင်ငံ၏ ပင်လယ်စာတင်ပို့မှုသည် ၂၀၂၄ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၉ ဒသမ ၅ ဘီလီယံအထိ ရောက်ရှိရန်မျှော်မှန်းထားကြောင်း ဒေသတွင်း သတင်းစာ Vietnam News က မတ် ၇ ရက်တွင် ဗီယက်နမ် ပင်လယ်စာတင်ပို့သူများနှင့် ထုတ်လုပ်သူများအသင်း၏ ပြောကြားချက်ကို ကိုးကား၍ သတင်း ဖော်ပြကြောင်း သိရသည်။

၂၀၂၄ ခုနှစ် အစောပိုင်းလများ တွင် နိုင်ငံ၏ပင်လယ်စာတင်ပို့မှုသည် တစ်နှစ်ထက်တစ်နှစ် ဝယ်လိုအား ၆၄ ရာခိုင်နှုန်းတိုးလာကာ ဒေါ်လာသန်း ၇၅၀ အထိ ရရှိခဲ့သည်။ ဗီယက်နမ်နိုင်ငံ၏ အဓိက ပင်လယ်စာထွက်ကုန်များသည် ယမန်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက သိသာစွာ တိုးတက်လာခဲ့သည်။

တရုတ်နိုင်ငံသို့ အများဆုံးတင်ပို့ရပြီး ယခင်နှစ်များကထက် သုံးဆကျော်တင်ပို့ရကြောင်း ဗီယက်နမ် ပင်လယ်စာတင်ပို့သူများနှင့် ထုတ်လုပ်သူများအသင်းက ပြောသည်။

ယမန်နှစ်က ဗီယက်နမ်၏ ပင်လယ်စာတင်ပို့မှုမှဝင်ငွေသည် ဒေါ်လာကိုးဘီလီယံအထိ ရရှိခဲ့ပြီး ၂၀၂၂ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၁၈ ရာခိုင်နှုန်း လျော့ကျခဲ့ကြောင်း သိရသည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - အောင်ကျော်ကျော်