မတ် ၉

ဗီယက်နမ်နိုင်ငံတွင် ယခုနှစ် ပထမနှစ်လအတွင်း အမေရိကန်ဒေါ်လာ ၅၉၉ ဒသမ ၃ သန်းတန်ဖိုးရှိ ဆန်တန်ချိန် ၁ ဒသမ ၃ သန်း ပြည်ပသို့တင်ပို့ခဲ့ကြောင်း ဗီယက်နမ်သတင်းဌာနက စိုက်ပျိုးရေးနှင့် ပတ်ဝန်းကျင်ရေးရာဝန်ကြီးဌာန၏ ပြောကြားချက်ကို ကိုးကား၍ ယနေ့တွင် ဖော်ပြခဲ့သည်။

အဆိုပါအချက်အလက်များအရ ပမာဏအနေဖြင့် ငါးရာခိုင်နှုန်း တိုးလာသော်လည်း တန်ဖိုးအနေဖြင့် ယခင်နှစ်၏ အလားတူကာလနှင့် နှိုင်းယှဉ်လျှင် ၁၁ ဒသမ ၂ ရာခိုင်နှုန်း လျော့နည်းသွားသည်ဟု သိရသည်။

ထိုကာလအတွင်း ပျမ်းမျှတင်ပို့မှုဈေးနှုန်းသည် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၆၄ ဒသမ ၁ ရှိမည်ဟု ခန့်မှန်းထားပြီး ယခင်နှစ်ကထက် ၁၅ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ဖော်ပြထားသည်။

ဖိလစ်ပိုင်နိုင်ငံသည် ဗီယက်နမ်နိုင်ငံ၏ အကြီးဆုံးဆန်ဈေးကွက်ဖြစ်ကာ ၄၇ ဒသမ ၆ ရာခိုင်နှုန်းရှိပြီး တရုတ်နှင့် ဂါနာနိုင်ငံတို့သည်  ဒုတိယနေရာတွင် ရှိနေသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို