ဗီယက်နမ်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းများ အရှိန်မြှင့်လုပ်ဆောင်


ဧပြီ ၁၈
ဗီယက်နမ်နိုင်ငံရှိပြည်နယ်နှင့် မြို့တော်ကျန်းမားရေးကဏ္ဍများက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံမှုလုပ်ငန်းများ အရှိန်မြှင့်လုပ်ဆောင်ကြရန် တိုက်တွန်းပြောကြားထားကြောင်း ဒေသတွင်းမီဒီယာက ယနေ့တွင် ဖော်ပြထားသည်။
တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် ကူးစက်ရောဂါကာကွယ်ရေးဆိုင်ရာ အမျိုးသားအဖွဲ့အစည်းက နိုင်ငံတစ်ဝန်းရှိမြို့များ နှင့်ပြည်နယ် ၆၃ ခုတို့အတွက် ကိုဗစ်ရောဂါကာကွယ်ဆေး ၈၃၂၉၀၀ ခွဲဝေချထားပေးကြောင်း ဒေသတွင်း ဗီယက်နမ်နယူးစ် သတင်းစာတွင်ဖော်ပြချက်အရ သိရသည်။
နိုင်ငံတစ်ဝန်းတွင် ကာကွယ်ဆေးထိုးနှံမှုနှုန်း ညီမျှမှုမရှိကြောင်းနှင့် ဒေသအများအပြားတွင် ကာကွယ်ဆေးထိုးနှံမှုနှုန်း လျော့ကျလျက်ရှိရာ ၈၀ ရာခိုင်နှုန်းအောက်ရှိကြောင်း ထိုသတင်းစာတွင် ဖော်ပြထားသည်။
ဗီယက်နမ်နိုင်ငံတွင် ကိုဗစ်ရောဂါကာကွယ်ဆေး တတိယအကြိမ် ထိုးနှံပြီးဖြစ်သော အသက် ၁၈ နှစ်နှင့်အထက် အသက်အရွယ်ရှိသူ ၅၁ ဒသမ ၆ သန်းရှိပြီး ယနေ့အထိ ကိုဗစ်ကာကွယ်ဆေး ၂၆၆ သန်းကျော်ကို ထိုးနှံပေးပြီးဖြစ်သည်ဟု သိရသည်။
ပြီးခဲ့သည့်သီတင်းပတ်အတွင်း နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၆၀၀ ကျော် ထပ်မံတွေ့ရှိခဲ့သည်။ ပျမ်းမျှအားဖြင့် တစ်ရက်လျှင် ထိုရောဂါကူးစက်ခံရသူဦးရေ ၄၀၀ နီးပါးရှိသည်။
သုံးလခွဲကျော်ကာလအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှင့်ဆက်စပ်ပြီး မည်သည့်သေဆုံးမှုမျှမရှိကြောင်း ထိုသတင်းစာတွင် ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို