ဗီယက်နမ်နိုင်ငံ၌ မြေပြိုမှု၊ ရေကြီးရေလျှံမှုဖြစ်ပွား သုံးဦးသေဆုံး၊ တစ်ဦးပျောက်ဆုံး

အောက်တိုဘာ ၁၀

 

ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းတွင် အောက်တိုဘာ ၆ ရက်မှ အောက်တိုဘာ ၈ ရက်အထိ မြေပြိုမှုနှင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားသဖြင့် သုံးဦးသေဆုံးပြီး တစ်ဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်း အမျိုးသားသဘာဝဘေး ကာကွယ်ရေးနှင့် ထိန်ချုပ်ရေးကော်မတီက ယနေ့တွင် ပြောကြားသည်။

 

အဆိုပါမြေပြိုမှု၊ ရေကြီးရေလျှံမှုကြောင့် သေဆုံးသူသုံးဦးသည် ယန်ဘေပြည်နယ်မှဖြစ်ပြီး ပျောက်ဆုံးသူတစ်ဦးသည် ထိုင်းငုယန်ပြည်နယ်မှဖြစ်ကြောင်း ဗီယက်နမ်သတင်းအေဂျင်စီက ဖော်ပြထားသည်။

 

အဆက်မပြတ် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု၊ ရေတိုက်စားမှုနှင့် အဝေးပြေးလမ်းမများနှင့် ပြည်နယ်လမ်းများ အချိန်ကြာမြင့်စွာ ပိတ်ဆို့မှုဖြစ်ပွားခဲ့သည်။

 

ဗီယက်နမ်နိုင်ငံတွင် ယခုနှစ်ပထမကိုးလအတွင်း သဘာဝဘေးအန္တရာယ်များ၊ ရေကြီးရေလျှံမှုနှင့်မြေပြိုမှုများ ဖြစ်ပွားသဖြင့် ၉၈ ဦး သေဆုံး သို့မဟုတ် ပျောက်ဆုံးခဲ့ပြီး အခြား ၁၀၃ ဦး ဒဏ်ရာရရှိခဲ့သည်ဟု နိုင်ငံ၏ဗဟိုအချက်အလက်ရုံးက ဖော်ပြထားသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို