ဗီယက်နမ်နိုင်ငံ၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီး၊ မြေပြိုမှုဖြစ်ပွားသဖြင့် လူလေးဦးသေဆုံး

မေ ၂၅

 

ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းနှင့်မြောက်ပိုင်းတို့တွင်ပြီးခဲ့သည့်ရက်အနည်းငယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးမှုဖြစ်ပွားကာ လူလေးဦးသေဆုံးခဲ့ပြီး အခြားလေးဦး ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံ၏သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးဗဟိုကော်မတီက ယနေ့တွင် ပြောကြားသည်။

 

အဆိုပါဒေသများတွင် မေလ ၂၁ ရက်မှ ၂၄ ရက်အထိ မိုးသည်းထန်စွာရွာသွန်းခဲ့ကာ အချို့ဒေသများတွင် မိုးရေချိန် မီလီမီတာ ၉၀၀ ကျော်လွန်သည်ဟု သိရသည်။

 

ထိုမိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကောက်ပဲသီးနှံအခင်းများနှင့် စပါးခင်း ဟက်တာ ၁၉၃၀၀ နီးပါး ရေနစ်မြုပ်ခဲ့ပြီး ကျွဲနွားကြက်ငှက်အကောင်ရေ ၆၉၀၀ နီးပါးသေဆုံးခဲ့သည်ဟု ထိုကော်မတီကဆိုသည်။

 

ယခုနှစ်ပထမလေးလတွင် သဘာဝဘေးအန္တရာယ်ကြောင့် လူ ၁၉ ဦးထက်မနည်းသေဆုံးပျောက်ဆုံးခြင်းနှင့် အခြား ၁၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ထိုသဘာဝဘေးကြောင့် ဇန်နဝါရီလမှ ဧပြီလအထိ ဗီယက်နမ် ဒေါင် ၃ ဒသမ ၆ ထရီလီရံ သို့မဟုတ် အမေရိကန် ဒေါ်လာ ၁၅၆ ဒသမ ၂ သန်းနီးပါး ဆုံးရှုံးခဲ့ကြောင်း၊ ယင်းဆုံးရှုံးမှုသည် ၂၀၂၁ ခုနှစ် အလားတူကာလထက် ၄၂ ဆနီးပါး ပိုမိုခဲ့သည်ဟု ဖော်ပြထားသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို