ဗီယက်နမ်နိုင်ငံသို့ ယခုနှစ်အတွင်း နိုင်ငံခြားခရီးသွား ၈ ဒသမ ၈ သန်းကျော် ဝင်ရောက်

ဇူလိုင် ၁

ဗီယက်နမ်နိုင်ငံသို့ ယခုနှစ် ပထမနှစ်ဝက်အတွင်း  နိုင်ငံခြားခရီးသွား ၈ ဒသမ ၈ သန်းကျော် ဝင်ရောက်ခဲ့ရာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုမဖြစ်ပွားမီကာလ ၂၀၁၉ ခုနှစ် အလားတူကာလထက် နိုင်ငံခြားခရီးသွားဝင်ရောက်မှု ၄ ဒသမ ၁ ရာခိုင်နှုန်း ပိုမိုများပြားခဲ့ကြောင်း နိုင်ငံ၏အထွေထွေစာရင်းအင်းရုံးက နောက်ဆုံးထုတ်ပြန်ခဲ့သည်။

ထိုကာလအတွင်း ဗီယက်နမ်နိုင်ငံသို့ လေကြောင်းခရီးဖြင့် နိုင်ငံခြားခရီးသွား ၇ ဒသမ ၄ သန်း ဝင်ရောက်မှုရှိရာ  နိုင်ငံခြားခရီးသွားစုစုပေါင်းဝင်ရောက်မှု၏ ၈၃ ဒသမ ၈ ရာခိုင်နှုန်းနှင့် ရေကြောင်းခရီးဖြင့် နိုင်ငံခြားခရီးသွား ၁၆၄၉၀၀၊ ကုန်းကြောင်းခရီးဖြင့် နိုင်ငံခြားခရီးသွား ၁ ဒသမ ၃ သန်း ဝင်ရောက်ခဲ့သည်ဟု သိရသည်။

ယခုနှစ်ဝက်အတွင်း တောင်ကိုရီးယားနိုင်ငံမှခရီးသွား ၂ ဒသမ ၂ သန်းဝင်ရောက်မှုရှိရာ ခရီးသွားဝင်ရောက်မှုအများဆုံးဖြစ်ပြီး တရုတ်နိုင်ငံမှခရီးသွား ၁ ဒသမ ၈ သန်းဝင်ရောက်မှုရှိကြောင်း ဖော်ပြထားသည်။ တောင်ကိုရီးယားနှင့် တရုတ်နိုင်ငံတို့မှခရီးသွားဝင်ရောက်မှုအရေအတွက်သည် နိုင်ငံခြားခရီးသွားဝင်ရောက်မှုစုစုပေါင်း၏ ၄၇ ဒသမ ၂ ရာခိုင်နှုန်းရှိသည်။

ဗီယက်နမ်နိုင်ငံအနေဖြင့် ၂၀၂၄ ခုနှစ် ဒုတိယနှစ်ဝက်အတွင်း နိုင်ငံခြားခရီးသွားဝင်ရောက်မှု ဆက်လက်မြင့်တက်လာမည်ဖြစ်ကြောင်း ကြိုတင်ခန့်မှန်းထားပြီး ယခုနှစ်အတွင်း နိုင်ငံခြားခရီးသွားအရေအတွက် ၁၇ မှ ၁၈ သန်းအထိ ဝင်ရောက်မှုရှိရန် မျှော်မှန်းထားသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို