ဗီယက်နမ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူ ၁၃ ဦးပျောက်ဆုံးနေပြီး ၁၇ ဦး ထက်မနည်းသေဆုံး

၁၂ အောက်တိုဘာ

 

ဗီယက်နမ်နိုင်ငံအလယ်ပိုင်းတွင် ရက်ပေါင်းများစွာကြာ မိုးသည်းထန်စွာရွာသွန်းမှုများ ဖြစ်ပွားခဲ့သဖြင့် လူ ၁၇ ဦးထက်မနည်းသေဆုံးပြီး အခြား ၁၃ ဦး ပျောက်ဆုံးနေဆဲ ဖြစ်သည်ဟု ဒေသန္တရမီဒီယာက ဆိုသည်။

 

အဆိုပါ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူနေအိမ်များအပါအဝင် အဆောက်အအုံ ၃၃၀၀၀ ခန့်ရေနစ်မြုပ်ခဲ့ပြီး လူပေါင်း ၃၀၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။

 

မြို့လယ်တွင် ရေစီးသန်သော ရွှံရေများဝိုင်းနေသည့် သင်္ဘောတစ်စီးပေါ်မှ လူတစ်ဦးကို ရဟတ်ယာဉ်ဖြင့် ကယ်ဆယ်နေပုံ ကို ယမန်နေ့က ဗွီဒီယိုဖိုင်တွင် ပြသထားသည်။

 

လူအများသည် ခါးအထိအမြင့်ရှိသောရေများကို ဖြတ်ကျော်ကာ လှေ (သို့မဟုတ်) ခြေကျင် သွားလာနေကြသည်ကိုလည်း တွေ့မြင်ရသည်။

 

ဗီယက်နမ်တွင် မုန်တိုင်းတိုက်ခတ်ခဲ့သဖြင့် မိုးပိုမိုသည်းထန်စွာ ရွာသွန်းခဲ့သည်။

 

အာဏာပိုင်များက ပြည်သူများအား ဘေးကင်းသို့ပြောင်းရွှေ့ကြရန် ပန်ကြားထားသည်။

 

ဗီယက်နမ်နိုင်ငံတွင် ယမန်နှစ်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ၁၃၂ ဦး သေဆုံးခဲ့ပြီး ဦးရေ ၂၀၀ ဒဏ်ရာရရှိခဲ့သည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို