ဗြိတိန်အောက်လွှတ်တော် ဥက္ကဌ ဂျွန်ဘားကိုး နေရာအတွက် ရွေးချယ်မယ်

၄ နိုဝင်ဘာ

 

 

ဗြိတိန်အောက်လွှတ်တော် ဥက္ကဌ ဂျွန်ဘားကိုး နေရာမှာ တာဝန်ယူမယ့်သူကို   ဒီကနေ့ (တနင်္လာနေ့) မှာ ရွေးချယ်မှာဖြစ်ပါတယ်။ ဂျွန်ဘားကိုးဟာ အောက်လွှတ်တော် ဥက္ကဌ နေရာကို ၂၀၁၀ ခုနှစ်က စတင်တာဝန် ထမ်းဆောင်တာဖြစ်ပြီး လွှတ်တော်အတွင်း အနိုင်ကျင့်တဲ့ ယဉ်ကျေးမှုကို ဘားကိုးက မွေးစားခဲ့ကြောင်း စွပ်စွဲမှုတွေကလည်း ရှိနေပါတယ်။

 

 

ဘားကိုးနေရာကို အစားထိုးဖို့ လွှတ်တော်အမတ် ၈ ယောက် ရှိနေပါတယ်။  ၂၀၁၀ ခုနှစ်ကတည်း ဒုဥက္ကဌ အဖြစ် တာဝန်ထမ်းဆောင်တဲ့  လင်ဆေး ဟိုးလီးနဲ့ လေဘာပါတီလွှတ်တော်အမတ် ဟာရီရတ် ဟားမန်း တို့က ရှေးတန်းက ပြေးနေတဲ့သူတွေ ဖြစ်ပါတယ်။

 

 

အသက် ၆၂ နှစ်အရွယ် လင်ဆေး ဟိုးလီး ဟာ လေဘာပါတီ အမတ်အဖြစ် ၂၂ နှစ် တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။ မနေ့က ထုတ်ဝေခဲ့တဲ့ the Sunday Times မဂ္ဂဇင်း ကို သူသာ လွှတ်တော်ဥက္ကဌ ဖြစ်ခဲ့မယ်ဆိုရင် အဆိပ်သင့်နေတဲ့ လွှတ်တော်ကို ပြုပြင်မှုတွေ လုပ်ဆောင်မယ်လို့ ပြောပါတယ်။

 

 

လင်ဆေးဟိုးလီးနဲ့ အပြိုင်ဖြစ်နေသူကတော့ ဟာရီရတ် ဟားမန်းဖြစ်ပြီး သူမဟာ အမျိုးသမီးလွှတ်တော် အမတ်အဖြစ် သက်တမ်းအရှည်ဆုံး တာဝန်ထမ်းဆောင်သူဖြစ်ပါတယ်။ လွှတ်တော်အမတ် တာဝန်ကို ၁၉၈၂ နှစ်ကစတင်ပြီး လေဘာပါတီရဲ့ ဒုတိယခေါင်းဆောင်အဖြစ် ၂၀၀၇ - ၂၀၁၅ ခုနှစ်အထိ တာဝန်ယူခဲ့ပါတယ်။

 

 

 

နောက်တစ်ယောက်ကတော့ ကွန်ဆာဗေးတစ်ပါတီလွှတ်တော်အမတ် အယ်လီနော လီယမ် ဖြစ်ပါတယ်။ သူမဟာ အောက်လွှတ်တော်ရဲ့ ဒုဥက္ကဌ(၂) အဖြစ် ၂၀၁၃ က စတင်တာဝန်ယူခဲ့ပြီး ပါတီရဲ့ စကော့တလန် ပြောရေးဆိုခွင့်ရှိသူ ဖြစ်ပါတယ်။

 

 

စိတ်ဝင်စားစရာကောင်းတဲ့ နောက်တစ်ယောက်က လေဘာပါတီအမတ် ခရစ် ဘရိုင်ယန်ဖြစ်ပါတယ်။ ဘရိုင်ယန်ဟာ အရင်က အန်ဂလိကန်ဘုရားကျောင်း (Church of England) ရဲ့ ဘုန်းတော်ကြီး ဖြစ်ခဲ့ပြီး ဂေးတစ်ယောက်ဖြစ်ပါတယ်။

 

 

ဂျွန်ဘာကိုးဟာ အောက်လွှတ်တော်အမတ် သက်တမ်း ၁၀ နှစ်ကို ပြီးခဲ့တဲ့ ကြာသပတေးနေ့က အဆုံးသတ်ခဲ့သလို ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်နေ့မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မှာ မဟုတ်ဘူးလို့ သိရပါတယ်။

 

 

MDN

ကိုးကား - AFP