ဗြိတိန်နိုင်ငံ လီဗာပူး တက္ကစီပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အကြမ်းဖက်ခြိမ်းခြောက်မှု သတိပေးချက် အဆင့်မြှင့်တင်

နိုဝင်ဘာ ၁၆

 

ဗြိတိန်နိုင်ငံတွင် တက္ကစီတစ်စီး ပေါက်ကွဲမှုဖြစ်ပွားကာလူသေဆုံးပြီးနောက် ယနေ့တွင် အကြမ်းဖက်ခြိမ်းခြောက်မှု သတိပေးချက်အဆင့် မြှင့်တင်ခဲ့သည်။

 

လီဗာပူးမြို့ရှိ ဆေးရုံတစ်ရုံရှေ့ တက္ကစီကားပေါက်ကွဲမှု ယမန်နေ့က ဖြစ်ပွားခဲ့သည်။ ထိုပေါက်ကွဲမှုကြောင့် တက္ကစီပေါ်ပါ ခရီးသည်အမျိုးသားတစ်ဦးသေဆုံးခဲ့သည်။

 

လုံခြုံရေးကင်မရာတွင် တွေ့ရှိချက်အရ အဆိုပါယာဉ်သည် ဆေးရုံရှေ့ဆင်းရမည့်နေရာအရောက်တွင် ရုတ်တရက်ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယာဉ်မောင်းသည် ထွက်ပြေးလွတ်မြောက်သွားသည်။

 

ထိုသေဆုံးသွားသော အသက် ၃၂ နှစ်အရွယ်ခရီးသည်သည် ပေါက်ကွဲစေတတ်သောပစ္စည်းကို ယာဉ်အတွင်းယူဆောင်လာပြီး ဖောက်ခွဲခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့က သံသယရှိသည်။

 

ရဲတပ်ဖွဲ့က ထိုဖြစ်ရပ်နှင့်ဆက်စပ်၍ အသက် ၂၀ အရွယ်အမျိုးသားလေးဦးကို ဖမ်းဆီးထားသည်။

 

၎င်းသေဆုံးသူသည် ဗြိတိန်ထောက်လှမ်းရေးအာဏာပိုင်များ သိရှိခြင်းမရှိသော ဆီးရီးယားမှဒုက္ခသည်တစ်ဦး ဖြစ်သည်ဟု ဘီဘီစီနှင့်အခြားဒေသန္တရမီဒီယာက ဖော်ပြထားသည်။

 

ပြည်ထဲရေးဝန်ကြီး ပရီတီပါတယ်က ထိုအကြမ်းဖက်မှုလုပ်ရပ်ကြောင့် အကြမ်းဖက်ခြိမ်းခြောက်မှု သတိပေးချက်အဆင့် ၅ ဆင့်တွင် ဒုတိယအမြင့်ဆုံးအဆင့်သို့ မြှင့်တင်ခဲ့သည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို