ဗြိတိန်နိုင်ငံ၌ အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်ခံရမှုကြောင့် လူတစ်ဦးထက်မနည်း သေဆုံး

ဒီဇင်ဘာ ၁၄

 

ဗြိတိန်နိုင်ငံဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က နိုင်ငံအတွင်း အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ်ကူးစက်ခံရမှုကြောင့် လူတစ်ဦးထက်မနည်း သေဆုံးခဲ့ကြောင်း အတည်ပြုပြောကြားခဲ့သည်။ နိုင်ငံတစ်ဝန်းတွင် ထိုရောဂါကူးစက်ဖြစ်ပွားမှုများ ဆက်လက်မြင့်တက်လျက်ရှိသည်။

 

လန်ဒန်မြို့ရှိ ကိုဗစ်ရောဂါထပ်မံကူးစက်ဖြစ်ပွားသူအားလုံး၏ ၄၀ ရာခိုင်နှုန်းသည်လည်း အိုမီခရွန်ကူးစက်မှုများဖြစ်ကြသည်ဟု ဂျွန်ဆင်ကဆိုသည်။

 

ဗြိတိန်နိုင်ငံတွင် ယမန်နေ့ကအထိ အိုမီခရွန်ကူးစက်ခံရသူပေါင်း ၄၇၁၃ ဦး အထိရှိလာသည်။

 

နိုင်ငံအတွင်း အိုမီခရွန်ကူးစက်ဖြစ်ပွားသဖြင့် ဆေးရုံတက်ကုသမှုခံယူနေသူ ၁၀ ဦးရှိပြီး ၎င်းတို့အနက် အများစုသည် ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံမှုခံယူပြီးသူများဖြစ်သည်ဟု ဗြိတိန်ကျန်းမာရေးအာဏာပိုင်များက ဆိုသည်။

 

အိုမီခရွန်ကူးစက်ဖြစ်ပွားမှုကို ကာကွယ်ရန်မှာ  ကိုဗစ်ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံမှု ခံယူခြင်းဖြင့် မလုံလောက်ကြောင်း  ဗြိတိန်အစိုးရက ပြောကြားသည်။

 

အစိုးရက အသက် ၁၈ နှစ်နှင့်အထက်ရှိသူများအားလုံး ယခုလကုန်ပိုင်းတွင် ကိုဗစ်အားဖြည့်ကာကွယ်ဆေး ထိုးနှံမှုခံယူကြရန် တိုက်တွန်းထားသည်။

 

ထိုဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုကိုထိန်းချုပ်ရန် မိုးလုံလေလုံအဆောက်အအုံများ၌ ပါးစပ်၊နှာခေါင်းစည်းများတပ်ဆင်ကြရန်လိုအပ်ပြီး ဗိုင်းရပ်စ်တိုက်ဖျက်ရေးဆိုင်ရာ ကန့်သတ်ချက်များကိုလည်း အစိုးရက တင်းကျပ်ထားသည်။

 

ကိုးကား- အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို