မတ် ၂၁
ဗြိတိန်နိုင်ငံတွင် လျှပ်စစ်ဓာတ်အားခွဲရုံမီးလောင်မှုကြောင့် လျှပ်စစ်ဓာတ်အားပြတ်တောက်သွားသဖြင့် ယနေ့တစ်ရက်လုံး ဟိသရိုးလေဆိပ်ပိတ်ထားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။
ဗြိတိန်၏အဓိကလေဆိပ်ဖြစ်သော ဟိသရိုးလေဆိပ်သည် ယနေ့ ည ၁၁ နာရီ ၅၉ မိနစ်အထိ ပိတ်ထားမည်ဖြစ်ကြောင့် ယနေ့အစောပိုင်းက ဆိုရှယ်မီဒီယာတွင် ဖော်ပြထားသည်။
အဆိုပါလေဆိပ်ပိတ်ထားသည့်အတွက် ယင်းလေဆိပ်သို့ဆိုက်ရောက်/ထွက်ခွာလေကြောင်းလိုင်း ၁၃၀၀ ကျော်ထိခိုက်မည်ဖြစ်ပြီး အခြားလေဆိပ်များသို့လမ်းကြောင်းပြောင်းထားကြောင်း သိရသည်။
မည်သည့်အချိန်တွင်လျှပ်စစ်ဓာတ်အားရရှိမည်ကိုရှင်းရှင်းလင်းလင်းမသိရှိရသေးဟူသော လေဆိပ်ပြောရေးဆိုခွင့်ရှိသူ၏ စကားကို ကိုးကားပြီး ရိုက်တာသတင်းအေဂျင်စီကဖော်ပြထားသည်။
ဟိသရိုးလေဆိပ်သည် ကမ္ဘာတွင် ဒုတိယအလုပ်များဆုံးနှင့် ဉရောပတွင် အလုပ်အများဆုံးလေဆိပ်ဖြစ်သည်ဟု သိရသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို