ဗြိတိန်နိုင်ငံရှိ ကုမ္ပဏီများအနေဖြင့် လုပ်ငန်းခွင်ရှိ ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ စစ်ဆေးခြင်းကို တိုးမြှင့်ဆောင်ရွက်

mdn

လန်ဒန် ၈ ဖေဖော်ဝါရီ 

 

ဗြိတိန်နိုင်ငံရှိ ကုမ္ပဏီများအနေဖြင့် လုပ်ငန်းခွင်ရှိ ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ စစ်ဆေးခြင်းကို  ဖေဖော်ဝါရီ ၇ ရက်က တိုးမြှင့်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။ အစိုးရက သက်ဆိုင်ရာ ကုမ္ပဏီများအား နိုင်ငံအတွင်း ကိုဗစ်-၁၉ရောဂါကူးစက်မှုကို ထိန်းချုပ်ရာတွင် ကူညီဆောင်ရွက် ပေးရန် ပန်ကြားခဲ့ရာမှ ယခုကဲ့သို့သော ဆောင်ရွက်ချက်များကို ကုမ္ပဏီများကတိုးမြှင့်လာခဲ့ခြင်း ဖြစ်သည်။

 

ဝန်ထမ်း ၅၀ နှင့်အထက်ရှိသော လုပ်ငန်းများအနေဖြင့် ယခုအချိန်တွင် ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ မိနစ် ၃၀ အတွင်း သိရှိနိုင်သော စစ်ဆေးမှုများကို ဆောင်ရွက်လာကြကြောင်း ဘီဘီစီ သတင်းဌာနကပြောကြားသည်။ နိုင်ငံအတွင်း ကိုဗစ်-၁၉ရောဂါပျံ့နှံ့မှုအားတားဆီးနိုင်ရေးအတွက် အဆိုပါရောဂါစစ်ဆေးမှုများတွင် ပါဝင်စစ်ဆေးမှုခံယူကြရန် ဗြိတိန်ကျန်းမာရေးဝန်ကြီး မတ်ဟန်းကော့က ပြောကြားသည်။

 

လူသုံးဦးလျှင်တစ်ဦးနှုန်း ရောဂါလက္ခဏာမပြသဘဲရောဂါကူးစက်နေနိုင်ပြီး ၎င်းတို့မှ တစ်ဆင့် အခြားသူများထံ ရောဂါကူးစက်ခံရနိုင်သဖြင့် ရောဂါလက္ခဏာမပြသဘဲရောဂါကူးစက် ခံနေရသူများအား ကိုဗစ်-၁၉ရောဂါစစ်ဆေးပေးရေးသည် အရေးကြီးကြောင်း ၎င်းကပြောကြား သည်။ ယခုကဲ့သို့လုပ်ငန်းခွင်များအတွင်း ကိုဗစ်-၁၉ ရောဂါ စစ်ဆေးမှုများကို တိုးမြှင့်ဆောင်ရွက် နိုင်ခြင်းဖြင့် နိုင်ငံ၏စီးပွားရေးပြန်လည် လည်ပတ်နိုင်စေရန် အထောက်အကူပြုကြောင်း ဗြိတိန်စီးပွားရေးဝန်ကြီး ကွာဆီကွာတန်က ပြောကြားသည်။ ဗြိတိန်နိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရာတွင် ဦးစားပေးထိုးနှံပေးရမည့်လူ၁၅သန်းအား ဖေဖော်ဝါရီလအလယ်တွင် အောင်မြင်စွာ ထိုးနှံပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

 

ကိုးကား- ဆင်ဟွာ

ဘာသာပြန်- စိုးသူရ