ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲ ဗိုလ်လုပွဲကျင်းပမည့်ရက် အတည်ပြု

၂၉ သြဂုတ်

၂၀၁၉ ရာသီ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲ ဗိုလ်လုပွဲကို စက်တင်ဘာ ၂၄ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း မြန်မာနေရှင်နယ်လိဂ်ကော်မတီက သြဂုတ် ၂၉ ရက်တွင် အတည်ပြုထုတ်ပြန်ခဲ့သည်။

ယင်းဗိုလ်လုပွဲကို မူလက စက်တင်ဘာ ၂၁ ရက်တွင် အောင်ဆန်းကွင်း၌ ကျင်းပရန် စီစဉ်ထားသော်လည်း ကွင်းပြောင်းလဲခဲ့သောကြောင့် ရက်ပါ ပြောင်းလဲခဲ့ခြင်းဖြစ်သည်။ အောင်ဆန်းကွင်းမြက်ခင်းပြင်မှာ ဆိုးရွားစွာ ပျက်စီးနေသောကြောင့် သုဝဏ္ဏကွင်းသို့ ပြောင်းလဲကျင်းပမည်ဖြစ်ပြီး ညနေ ၆ နာရီတွင် စတင်ကျင်းပမည်ဖြစ်သည်။ ၂၀၂၀ အာရှ ယူ-၁၆ ခြေစစ်ပွဲကို စက်တင်ဘာ ၁၈ ရက်မှ ၂၂ ရက်အထိ ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ ကျင်းပမည်ဖြစ်သောကြောင့် ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲကို မူလသတ်မှတ်ထားသည့် စက်တင်ဘာ ၂၁ ရက်အစား ၂၄ ရက်သို့ ပြောင်းလဲခဲ့ခြင်းဖြစ်သည်။ ယခုရာသီ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲ ဗိုလ်လုပွဲတွင် MNL ထိပ်သီးအသင်းများဖြစ်သည့် ရှမ်းယူနိုက်တက်နှင့် ရန်ကုန်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး ချန်ပီယံဆုကို နောက်တစ်ကြိမ်ရယူနိုင်ရန် ကြိုးပမ်း၇မည့်ပွဲလည်းဖြစ်သည်။ ရှမ်းယူနိုက်တက်နှင့် ရန်ကုန်အသင်းသည် ၂၀၁၇ ပြိုင်ပွဲ ဗိုလ်လုပွဲတွင် တွေ့ဆုံပြီးနောက်ပိုင်း ဒုတိယအကြိမ် တွေ့ဆုံခြင်းဖြစ်ပြီး ရန်ကုန်အသင်းမှာမူ လက်ရှိချန်ပီယံဆုကို ကာကွယ်နိုင်ရန် ကြိုးပမ်းရမည်ဖြစ်သည်။ ယင်းနှစ်သင်းစလုံးသည် ဖလားနှစ်လုံးလမ်းကြောင်းပေါ်တွင် ရှိနေပြီး ရှမ်းယူနိုက်တက်အသင်းသည် ၂၀၁၉ ရာသီ MNL အမှတ်ပေးပြိုင်ပွဲတွင် လက်ကျန်တစ်ပွဲအလို၌ နှစ်မှတ်အသာဖြင့် ဦးဆောင်နေသောကြောင့် ပိုမိုအခွင့်အရေးသာလျက်ရှိသည်။ ရှမ်းယူနိုက်တက်အသင်းသည် ရှုံးထွက်ပြိုင်ပွဲတွင် ချန်ပီယံဆုတစ်ကြိမ်ရဖူးပြီး ရန်ကုန်အသင်းက နှစ်ကြိမ် ဗိုလ်စွဲထားသည်။ 

MNL ကော်မတီသည် ရှုံးထွက်ပြိုင်ပွဲကို ၂၀၁၀ ပြည့်နှစ်တွင် စတင်ကျင်းပခဲ့ပြီး ၂၀၁၅ ရာသီတွင် ဗိုလ်ချုပ်အောင်ဆန်း ဒိုင်းအမည်ဖြင့် ပြောင်းလဲကျင်းပခဲ့သည်။ ရှုံးထွက်ပြိုင်ပွဲကို ဆီးဂိမ်းစ်ပြိုင်ပွဲ အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ၂၀၁၃ ခုနှစ်တွင် ကျင်းပခြင်းမရှိဘဲ ကျန်နှစ်များတွင် ပုံမှန်အတိုင်း ကျင်းပလျက်ရှိသည်။


ကျင်းပပြီးစီးခဲ့သည့်  ရှစ်ကြိမ်တွင် ဧရာဝတီအသင်းက သုံးကြိမ်ဖြင့် အများဆုံးဗိုလ်စွဲထားပြီး ရန်ကုန်အသင်းက နှစ်ကြိမ်၊ ဟံသာဝတီ၊ မကွေးနှင့် ရှမ်းယူနိုက်တက်အသင်းတို့က တစ်ကြိမ်စီ ဗိုလ်စွဲထားသည်။

ရှုံးထွက်ချန်ပီယံဆုကို ၂၀၁၀ ပြည့်နှစ်တွင် ဟံသာဝတီ၊ ၂၀၁၁ ခုနှစ်တွင် ရန်ကုန်၊ ၂၀၁၂ ခုနှစ်တွင် ဧရာဝတီ၊ ၂၀၁၄ ခုနှစ်တွင် ဧရာဝတီ၊ ၂၀၁၅ ခုနှစ်တွင် ဧရာဝတီ၊ ၂၀၁၆ ခုနှစ်တွင် မကွေး၊ ၂၀၁၇ ခုနှစ်တွင် ရှမ်းယူနိုက်တက်၊ ၂၀၁၈ ခုနှစ်တွင် ရန်ကုန်အသင်းတို့က ရရှိထားသည်။ 

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်