ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲ ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်များ ဇွန် ၁၊ ၂ ရက် ကျင်းပမည်

ရန်ကုန် ၂၉ မေ

 


၂၀၁၉ ရာသီ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲ ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်များကို ဇွန် ၁၊ ၂ ရက်တွင် ကျင်းပမည်ဖြစ်ပြီး ပထမအကျော့ရလဒ်အနေအထားအရ ဂိုးပြတ်အနိုင်ရထားသည့် ရှမ်းယူနိုက်တက်အသင်းအနေဖြင့် ဗိုလ်လုပွဲတက်ရောက်ရန် အခွင့်အရေးကောင်းနေသော်လည်း သရေကျထားသည့် ရန်ကုန်နှင့် စစ်ကိုင်းပွဲမှာ ပြိုင်ဆိုင်မှုပြင်းထန်ဖွယ် ရှိနေခဲ့သည်။

 


ဒုတိယအကျော့ပွဲစဉ်များအဖြစ် ဇွန် ၁ ရက်တွင် ရခိုင်အသင်း၏ အိမ်ကွင်းဖြစ်သော ဝေသာလီကွင်း၌ ရခိုင်အသင်းနှင့် ရှမ်းယူနိုက်တက်အသင်း၊ ဇွန် ၂ ရက်တွင် ရန်ကုန်အသင်း၏ အိမ်ကွင်းဖြစ်သည့် YUSC ကွင်း၌ ရန်ကုန်အသင်းနှင့် စစ်ကိုင်းအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ပထမအကျော့တွင် ရှမ်းယူနိုက်တက်အသင်းက ရခိုင်အသင်းကို လေးဂိုး-ဂိုးမရှိဖြင့် အနိုင်ရပြီး စစ်ကိုင်းနှင့် ရန်ကုန်အသင်းတို့ တစ်ဂိုးစီသရေကျခဲ့သည်။ ရခိုင်အသင်းသည် ဂိုးပြတ်ရှုံးပွဲကြောင့် ဗိုလ်လုပွဲတက်ရောက်နိုင်ရန် အခွင့်အရေးနည်းသွားပြီဖြစ်သော်လည်း အိမ်ကွင်းပွဲတွင် ရှမ်းအသင်းကို အခက်တွေ့အောင် လုပ်ပြနိုင်ဖွယ်ရှိနေသည်။ ရှမ်းအသင်းသည် အမှတ်ပေးပြိုင်ပွဲတွင် ရခိုင်အသင်းကို အဝေးကွင်း၌ ဂိုးမရှိသရေသာ ကစားနိုင်ခဲ့သောကြောင့် ယခုပွဲတွင်လည်း ရုန်းကန်ရဖွယ်ရှိနေသည်။

 


ပထမအကျော့ သရေကျခဲ့သည့် ရန်ကုန်နှင့် စစ်ကိုင်းပွဲမှာမူ ပြိုင်ဆိုင်မှုပြင်းထန်ဖွယ် ရှိနေသည်။ အဝေးဂိုးရသော်လည်း  သရေကျထားသောကြောင့် ရန်ကုန်အသင်းအနေဖြင့် မဖြစ်မနေ အနိုင်ကစားရမည်ဖြစ်သည်။ ယခုရာသီတွင် ရလဒ်ရော ခြေစွမ်းပိုင်းပါ သိသိသာသာ တိုးတက်လာသည့် စစ်ကိုင်းအသင်းအနေဖြင့် အဝေးကွင်း၌ မထင်မှတ်သည့်ရလဒ်မျိုး စွမ်းဆောင်နိုင်မလား စောင့်ကြည့်ရမည်ဖြစ်သလို ဗိုလ်လုပွဲ တက်ခွင့်အတွက် ရန်ကုန်နှင့် စစ်ကိုင်းမည်သည့်အသင်း ရယူနိုင်မလားဆိုတာ စောင့်ကြည့်ရမည်ဖြစ်သည်။ 

 


ဆီမီးဖိုင်နယ်ရောက် အသင်းများတွင် ရန်ကုန်နှင့် ရှမ်းယူနိုက်တက်အသင်းသာ ချန်ပီယံဖြစ်ဖူးပြီး ရခိုင်အသင်းမှာမူ အမြင့်ဆုံး ဆီမီးဖိုင်နယ်အဆင့်သာ တက်ရောက်ဖူးကာ စစ်ကိုင်းအသင်းမှာ ပထမဆုံး ဆီမီးဖိုင်နယ်တက်ရောက်ခြင်း ဖြစ်သည်။

 


သတင်း - ညီမြတ်သော်တာ
ဓာတ်ပုံ - ဖိုးသော်ဇင်