ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲ ဆီမီးဖိုင်နယ်တွင် စစ်ကိုင်းနှင့် ရန်ကုန် သရေကျ

မုံရွာ ၂၆ မေ

 

၂၀၁၉ ရာသီ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲ ဆီမီးဖိုင်နယ် ပထမအကျော့ (ဒုတိယနေ့) ကို ယနေ့ညနေပိုင်းက မုံရွာမြို့ရှိ တိုင်းအားကစားကွင်း၌ ကျင်းပရာ စစ်ကိုင်းအသင်းနှင့် ရန်ကုန်အသင်းတို့ တစ်ဂိုးစီသရေကျခဲ့သည်။

 

ယခုပွဲသရေရလဒ်ကြောင့် နှစ်သင်းစလုံး ဗိုလ်လုပွဲတက်ရောက်ရန် အခွင့်အရေးဆတူရှိနေဆဲဖြစ်ပြီး ဒုတိယအကျော့အထိ စောင့်ကြည့်ရမည်ဖြစ်သည်။ လက်ရှိချန်ပီယံရန်ကုန်အသင်းသည် အဝေးဂိုးရခဲ့သော်လည်း တစ်ဂိုးစီသရေရလဒ်ကြောင့် ဗိုလ်လုပွဲတက်ရောက်ရန် အိမ်ကွင်းပွဲ၌ ရုန်းကန်ရမည်ဖြစ်သည်။ ယခုရာသီတွင် ခြေစွမ်းပြနေသည့် စစ်ကိုင်းအသင်းမှာလည်း ဗိုလ်လုပွဲသို့ ပထမဆုံးတက်ရောက်နိုင်ရန် အဝေးကွင်း၌ ရလဒ်ကောင်းရန် ကြိုးပမ်း၇မည်ဖြစ်သည်။

 

စစ်ကိုင်းအသင်းသည် နိုင်ငံခြားသားကစားသမားသုံးဦးအပါအဝင် လူစုံအသုံးပြုခဲ့ပြီး ရန်ကုန်အသင်းကလည်း ရာသီဝက်အပြောင်းအရွှေ့ကာလတွင် အသစ်ခေါ်ယူထားသည့် နိုင်ဂျီးရီးယားနောက်ခံလူ အန်ဒါဆင်ဝက်စ်ကို ပွဲထွက်လူစာရင်းတွင် အသုံးပြုကာ ဆယ်လာ၊ မောင်မောင်လွင်၊ ရန်အောင်ကျော်၊ ကျော်ဇင်ထက်တို့ဖြင့် ပွဲထွက်ခဲ့သည်။ ပွဲအစတွင် စစ်ကိုင်းအသင်းက ကစားပုံပိုကောင်းခဲ့ပြီး ဂိုးရနိုင်သည့် အခွင့်အရေးများ ရသော်လည်း အသုံးမချနိုင်ခဲ့၍ နစ်နာခဲ့ရသည်။ မိနစ် ၃၀ နောက်ပိုင်းတွင် ရန်ကုန်အသင်း ကစားပုံပြန်ကောင်းလာပြီး ၃၆ မိနစ်တွင် ဂိုးစတင်ရရှိခဲ့သည်။ မောင်မောင်လွင် ကန်တင်ပေးသည့် ထောင့်ကန်ဘောကို အီစိုးက ခေါင်းတိုက်သွင်းယူခဲ့ခြင်းဖြစ်သည်။ ဂိုးပေးလိုက်ရသောကြောင့် စစ်ကိုင်းအသင်းသည် ချေပဂိုးပြန်ရရန် အားထည့်ကစားလာပြီး ၄၅+၂ မိနစ်တွင် ဒိုနယ်၏ ထိုးဖောက်မှုကို ရန်ကုန်နောက်ခံလူ ဖျက်ထုတ်ပုံကြမ်းခဲ့သောကြောင့် ပယ်နယ်တီကန်ခွင့်ရခဲ့သည်။ ယင်းပယ်နယ်တီကို အသင်းခေါင်းဆောင် ဒိုနယ်က ကန်သွင်းခဲ့၍ စစ်ကိုင်းအသင်း ချေပဂိုးပြန်ရခဲ့သည်။ ဒုတိယပိုင်းတွင် နှစ်သင်းစလုံး ဂိုးထပ်ရရန် ကစားသမားများအပြောင်းအလဲပြုလုပ်ကာ တိုက်စစ်အားမြင့်ခဲ့သည်။ 

 

သို့သော် ရရှိသည့်အခွင့်အရေးများကို အသုံးမချနိုင်သောကြောင့် သရေရလဒ်ဖြင့် ပြီးဆုံးခဲ့ခြင်းဖြစ်သည်။

 

ရန်ကုန်အသင်းနှင့် စစ်ကိုင်းအသင်းတို့၏ ဒုတိယအကျော့ပွဲကို ဇွန် ၂ ရက်တွင် YUSC ကွင်း၌ ကျင်းပမည်ဖြစ်သည်။ ဆီမီးဖိုင်နယ်ဒုတိယအကျော့ပွဲစဉ်များကို ဇွန် ၁၊ ၂ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ