ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲနှင့် MNL-2 (ပထမတန်း) ပြိုင်ပွဲကျင်းပမည့်ရက်များ လျာထား

ရန်ကုန်၊ ၆ ဒီဇင်ဘာ

မြန်မာနေရှင်နယ်လိဂ်သည် လာမည့်နှစ်တွင်ကျင်းပမည့် ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲနှင့် MNL-2 (ပထမတန်း) ပြိုင်ပွဲကျင်းပရန် လျာထားသည့်ရက်များ ထုတ်ပြန်ခဲ့သည်။

မြန်မာနေရှင်နယ်လိဂ်သည် ဒီဇင်ဘာ ၃ ရက်ကပြုလုပ်သည့် လိဂ်ကော်မတီ အစည်းအဝေးတွင် လာမည့်နှစ် ကျင်းပမည့် ပြိုင်ပွဲများနှင့်ပတ်သက်၍ ကျင်းပမည့်ကာလများ ထုတ်ပြန်ခဲ့ပြီး MNL-2 (ပထမတန်း) ကို မေလမှ သြဂုတ်အတွင်း၊ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲကို ဇွန်လမှ စက်တင်ဘာအတွင်း ကျင်းပရန် လျာထားခြင်းဖြစ်သည်။ လက်ရှိဖြစ်ပေါ်နေသည့် ကိုဗစ်-၁၉ ရောဂါအခြေအနေကြောင့် မြန်မာနေရှင်နယ်လိဂ်အနေဖြင့် လာမည့်ရာသီတွင် ပြိုင်ပွဲအချို့လျှော့ချထားပြီး MNL အမှတ်ပေးပြိုင်ပွဲ၊ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲ၊ MNL-2 (ပထမတန်း) အမှတ်ပေးပြိုင်ပွဲနှင့် လူငယ်လိဂ်ပြိုင်ပွဲဖြစ်သည့် ယူ-၂၁ လိဂ်ပြိုင်ပွဲသာ ကျင်းပမည်ဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါအခြေအနေကြောင့် ၂၀၂၀ ရာသီတွင်  MNL အမှတ်ပေးပြိုင်ပွဲကိုသာ ပြီးဆုံးအောင်ကျင်းပနိုင်ခဲ့ပြီး MNL-2 (ပထမတန်း) အမှတ်ပေးပြိုင်ပွဲနှင့် လူငယ်လိဂ်ပြိုင်ပွဲတို့ကို ပြိုင်ပွဲကျင်းပနေသည့် ကာလတွင် ဖျက်သိမ်းခဲ့ရပြီး ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲကို မကျင်းပမီမှာပင် ဖျက်သိမ်းခဲ့ရသည်။ မြန်မာနေရှင်နယ်လိဂ်သည် လာမည့်ရာသီတွင်ကျင်းပမည့်  ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲနှင့် MNL-2 (ပထမတန်း) ပြိုင်ပွဲ ကျင်းပမည့်ပုံစံနှင့် ပြိုင်ပွဲဝင်အသင်းများကို ပြန်လည်အတည်ပြုမည်ဖြစ်သည်။ မြန်မာနေရှင်နယ်လိဂ်သည် ပြီးခဲ့သည့်ရာသီတွင် ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲ၌ အပျော်တမ်းအသင်းများကို ယှဉ်ပြိုင်ခွင့်ပြုခဲ့သော်လည်း လာမည့်ရာသီတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပြုမပြု ပြန်လည်အတည်ပြုမည်ဖြစ်သည်။

ရှုံးထွက်ပြိုင်ပွဲကို ၂၀၁၀ ပြည့်နှစ်တွင် စတင်ကျင်းပခဲ့ပြီး ၂၀၁၅ ခုနှစ်မှစတင်ကာ ဗိုလ်ချုပ်အောင်ဆန်းဒိုင်းအမည်ဖြင့် ပြောင်းလဲကျင်းပခဲ့ခြင်းဖြစ်သည်။ ရှုံးထွက်ပြိုင်ပွဲတစ်လျှောက် ဧရာဝတီနှင့် ရန်ကုန်အသင်းက သုံးကြိမ်စီ၊ ဟံသာဝတီ၊ မကွေးနှင့် ရှမ်းယူနိုက်တက်အသင်းတို့က တစ်ကြိမ်စီ ဗိုလ်စွဲထားသည်။ MNL-2 (ပထမတန်း) ပြိုင်ပွဲကိုမူ တန်းတက်၊ တန်းဆင်းပြုလုပ်ရန် ၂၀၁၃ ခုနှစ်တွင် စတင်ကျင်းပခဲ့ခြင်းဖြစ်သည်။

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-ဖိုးသော်ဇင်