ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲတွင် လက်ရှိချန်ပီယံရန်ကုန်အသင်း ဗိုလ်လုပွဲ တက်ရောက်

ရန်ကုန် ၂ ဇွန် 

 

၂၀၁၉ ရာသီ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲ ဆီမီးဖိုင်နယ် ဒုတိယအကျော့ (ဒုတိယနေ့) ကို ယနေ့ညနေပိုင်းက YUSC ကွင်း၌ ကျင်းပရာ လက်ရှိချန်ပီယံ ရန်ကုန်အသင်းက စစ်ကိုင်းအသင်းကို သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရကာ ဗိုလ်လုပွဲ တက်ရောက်သွားသည်။ ပထမအကျော့တွင် တစ်ဂိုးစီသရေကျထားသောကြောင့် ရန်ကုန်အသင်းသည် နှစ်ကျော့ပေါင်းရလဒ် လေးဂိုး-နှစ်ဂိုးဖြင့် စစ်ကိုင်းကို အနိုင်ရခဲ့ခြင်းဖြစ်သည်။

 

စစ်ကိုင်းအသင်းကို ကျော်ဖြတ်ပြီး ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့သည့် ရန်ကုန်အသင်းသည် မှတ်တမ်းကောင်းတစ်ခုပိုင်ဆိုင်ခဲ့ပြီး ဗိုလ်လုပွဲသို့ လေးကြိမ်ဆက်တိုက် တက်ရောက်နိုင်သည့်အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ ယခုရာသီတွင် ပုံစံကောင်းရနေသည့် စစ်ကိုင်းအသင်းသည် ရန်ကုန်ကို အခက်တွေ့အောင် လုပ်နိုင်ခဲ့ပြီး တစ်ဂိုးစီသရေအထိ လိုက်ကစားနိုင်သော်လည်း ပွဲပြီးခါနီးတွင် ဂိုးများဆက်တိုက်ပေးလိုက်ရသောကြောင့် ဗိုလ်လုပွဲနှင့် လွဲချော်ခဲ့ခြင်းဖြစ်သည်။ ရန်ကုန်အသင်းကို ဗိုလ်လုပွဲရောက်အောင် စွမ်းဆောင်ပေးခဲ့သည့် ကစားသမားမှာ ဆယ်လာဖြစ်ပြီး လူစားဝင်ပြီး အနိုင်ဂိုးနှစ်ဂိုး သွင်းပေးခဲ့ခြင်းဖြစ်သည်။ 

 

ပွဲပယ်နှင့် ဒဏ်ရာရကစားသမားများရှိနေသည့် ရန်ကုန်အသင်းသည် ပွဲထွက်လူစာရင်းကို အပြောင်းအလဲအချို့ပြုလုပ်ခဲ့ပြီး စစ်ကိုင်းအသင်းမှာမူ လူစုံအသုံးပြုခဲ့သည်။ ရန်ကုန်အသင်းသည် ဂိုးရရန် ပွဲစကတည်းက တိုက်စစ်ဖွင့်ကစားပြီး ၁၁ မိနစ်တွင် ပြစ်ဒဏ်ဘောကို မောင်မောင်လွင်က တိုက်ရိုက်ကန်သွင်းကာ အဖွင့်ဂိုးသွင်းယူခဲ့သည်။ စစ်ကိုင်းအသင်းသည် ချေပဂိုးပြန်ရရန် အသစ်ခေါ်ထားသည့် လက်ရွေးစင်ဟောင်းတိုက်စစ်မှူး ကောင်းဆက်နိုင်ကို လဲလှယ်အသုံးပြုခဲ့ပြီး ၎င်းဝင်လာပြီးနောက်ပိုင်းတွင် တိုက်စစ်ကစားပုံပိုကောင်းလာခဲ့သည်။ ဂိုးရပြီးနောက်ပိုင်းတွင် ရန်ကုန်အသင်းက ထိန်းကစားခဲ့၍ စစ်ကိုင်းအသင်း အခွင့်အရေးပြန်ရလာပြီး ၇၁ မိနစ်တွင် သန့်ဇင်ဝင်းက ထောင့်ကန်ဘောကို ခေါင်းတိုက်ပြီး ချေပဂိုးပြန်သွင်းခဲ့သည်။ သရေကျပြီးနောက်ပိုင်းတွင် ပွဲမှာအပြန်အလှန်ရှိလာပြီး ၈၄ မိနစ်တွင် ဆယ်လာက ပြစ်ဒဏ်ဘောကို ခေါင်းတိုက်ပြီး ရန်ကုန်အတွက် ဒုတိယဂိုးသွင်းခဲ့သည်။ စစ်ကိုင်းအသင်းသည် ချေပဂိုးပြန်ရပါက အဝေးဂိုးစည်းမျဉ်းဖြင့် ဗိုလ်လုပွဲတက်ရောက်နိုင်မည့် အခွင့်အရေးရှိနေ၍ ဂိုးပြန်ရရန် ကြိုးစားခဲ့ပြီး ၉၀+၂ မိနစ်တွင်  ဆယ်လာက တန်ပြန်တိုက်စစ်မှတစ်ဆင့် တတိယဂိုးသွင်းပြီး ရန်ကုန်အသင်းကို အနိုင်သေချာစေခဲ့သည်။

 

ဆီမီးဖိုင်နယ်ပွဲများ ပြီးဆုံးသွားပြီဖြစ်ပြီး ရှမ်းယူနိုက်တက်အသင်းနှင့် လက်ရှိချန်ပီယံရန်ကုန်အသင်းတို့ ဗိုလ်လုပွဲတက်ရောက်ခဲ့ကာ ဗိုလ်လုပွဲကို စက်တင်ဘာ ၂၁ ရက်တွင် ကျင်းပမည်ဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ

 

ဓာတ်ပုံ-ဖိုးသော်ဇင်

 

DSC_5