ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲတွင် ရှမ်းယူနိုက်တက် ဗိုလ်လုပွဲတက်

ရန်ကုန် ၁ ဇွန်

၂၀၁၉ ရာသီ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲ ဆီမီးဖိုင်နယ် ဒုတိယအကျော့ (ပထမနေ့)ကို ယနေ့ညနေပိုင်းက စစ်တွေမြို့ရှိ ဝေသာလီကွင်း၌ ကျင်းပရာ ရှမ်းယူနိုက်တက်အသင်းသည် ယခုပွဲတွင် ရခိုင်အသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်သော်လည်း နှစ်ကျော့ပေါင်းရလဒ် လေးဂိုး-တစ်ဂိုးဖြင့် အနိုင်ရကာ ဗိုလ်လုပွဲတက်ရောက်ခဲ့သည်။

အိမ်ကွင်းကစားပုံ မာကျောသည့် ရခိုင်အသင်းသည် နိုင်ပွဲရယူနိုင်သော်လည်း ပထမအကျော့က အဝေးကွင်းတွင် ဂိုးမရဘဲ ဂိုးပြတ်ရှုံးနိမ့်ခဲ့သောကြောင့် နှစ်ကျော့ပေါင်းရလဒ်ဖြင့် ဗိုလ်လုပွဲနှင့် လွဲချော်ခဲ့ရခြင်းဖြစ်သည်။ ရှမ်းယူနိုက်တက်အသင်းသည် ယခုပွဲတွင် ရခိုင်အသင်းထက် ဂိုးသွင်းခွင့်ပိုရသော်လည်း အဆုံးသတ် အားနည်းသောကြောင့် ရှုံးပွဲကြုံတွေ့ခဲ့ခြင်းဖြစ်သည်။

 

mdn


 
ရခိုင်အသင်းသည် ပွဲပယ်ခံထားရသည့် နောက်ခံလူ ကယ်ဗင်မှလွဲ၍ လူစုံအသုံးပြုခဲ့ပြီး ရှမ်းယူနိုက်တက်အသင်းမှာမူ ပထမအကျော့ဂိုးပြတ်အနိုင်ရခဲ့သည့် ပွဲထွက်လူစာရင်းမှ လေးဦး အပြောင်းအလဲပြုလုပ်ခဲ့သည်။ ရှမ်းယူနိုက်တက်အသင်းသည် ပထမပိုင်းကတည်းက တိုက်စစ်အသားပေးပုံစံဖြင့် ကစားခဲ့ပြီး ဂိုးရနိုင်သည့် အခွင့်အရေးများလည်းရခဲ့သည်။ ရခိုင်အသင်းတိုက်စစ်တွင် နိုင်ငံခြားသားတိုက်စစ်မှူး ဆင်မြူရယ်ပြန်ပါလာ၍ ကစားပုံပိုကောင်းလာပြီး ရှမ်းဂိုးပေါက်ကို ပြန်လည်ခြိမ်းခြောက်နိုင်ခဲ့သည်။ ၂၆ မိနစ်တွင် ရခိုင်အသင်း အနိုင်ဂိုးရခဲ့ပြီး ပြစ်ဒဏ်ဘောမှ ပြန်လျှံထွက်လာသောဘောလုံးကို ဆင်မြူရယ်က ပိတ်သွင်းယူခဲ့ခြင်းဖြစ်သည်။ ရှမ်းယူနိုက်တက်အသင်းသည် ပထမပိုင်းကတည်းက ချေပဂိုးပြန်ရနိုင်သည့် အခွင့်အရေးများပြန်ရသော်လည်း အဆုံးသတ်အားနည်းခဲ့၍ နစ်နာခဲ့သည်။

ဒုတိယပိုင်းတွင် ရှမ်းယူနိုက်တက်အသင်းက ဆွမ်လမန်၊ မက်ဆီမင်၊ နန္ဒကျော်တို့ကိုထည့်ကာ ကစားအားမြင့်ခဲ့ပြီး ဂိုးပြန်ရနိုင်သည့် အခွင့်အရေးများလည်း ဖန်တီးနိုင်ခဲ့သည်။ လူစားဝင် ကစားသမားများဖြစ်သည့် မက်ဆီမင်နှင့် ဆွမ်လမန်တို့ ဂိုးသွင်းခွင့်များရသော်လည်း အသုံးမချနိုင်၍ ချေပဂိုးနှင့် လွဲချော်ခဲ့သည်။

ဆီမီးဖိုင်နယ် ဒုတိယအကျော့ (ဒုတိယနေ့) ကို ဇွန် ၂ ရက် ညနေ ၃ နာရီခွဲတွင် YUSC ကွင်း၌ ဆက်လက်ကျင်းပမည်ဖြစ်ပြီး ရန်ကုန်အသင်းနှင့် စစ်ကိုင်းအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

ညီမြတ်သော်တာ