ဗိုလ်ချုပ်အောင်ဆန်းပြတိုက်ကို ဝင်ကြေးအခမဲ့ဖြင့် အများပြည်သူများအား ပြသသွားမည်

ရန်ကုန်      ဇွန်      ၁၅

 

(၇၅)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကျင်းပရေး ဗိုလ်ချုပ်အောင်ဆန်းပြတိုက် ပြသရေး ဆပ်ကော်မတီဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဦးဌေးအောင်သည် ဇွန် ၁၅ ရက် နံနက်ပိုင်းက ဗဟန်းမြို့နယ် ဗိုလ်ချုပ်ပြတိုက်လမ်းရှိ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်သို့ ရောက်ရှိပြီး ပြတိုက်အတွင်း ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။

 

ကြည့်ရှုစစ်ဆေးစဉ် ဥပဒေချုပ်က ဗိုလ်ချုပ်အောင်ဆန်း သက်ရှိထင်ရှားရှိစဉ် အသုံးပြုခဲ့သော မော်တော်ယာဉ် ကြံ့ခိုင်ကောင်းမွန်မှုရှိစေရေး၊ ပြတိုက်ဝင်းအတွင်း သန့်ရှင်းသာယာရေးနှင့် မြက်ပင်ချုံနွယ်များ ရှင်းလင်းရေး၊ အုတ်နံရံများ ဆေးသုတ်ခြင်း၊ ရေကန်အတွင်းရှိ အမှိုက်နှင့်ဒိုက်များ ရှင်းလင်းခြင်း၊ ကန်ပေါင်ပတ်လည် သံပန်းများ ပြန်လည်ဆေးသုတ်ခြင်း၊ ပြတိုက်အတွင်းရှိ ထမင်းစားခန်း၊ စာကြည့်ခန်း၊ အိပ်ခန်းနှင့် ဗိုလ်ချုပ်အောင်ဆန်း အသုံးပြုခဲ့သော အသုံးအဆောင်ပစ္စည်းများ အမြဲသန့်ရှင်းမှုရှိစေရေး တာဝန်ရှိသူများကို မှာကြားပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

ဗိုလ်ချုပ်အောင်ဆန်းပြတိုက်ကို ၂၀၂၂ ခုနှစ် ဇူလိုင် ၁၉ ရက်မှ ၂၁ ရက်အထိ ဝင်ကြေးအခမဲ့ဖြင့် အများပြည်သူများ ကြည့်ရှုလေ့လာနိုင်ရန် ပြသနိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်