ဗိုလ်ချုပ်ကျေးဇူး ပြန်လည်ပေးဆပ် မမေ့အပ်

စောကျော်အေး(ပန်းဘဲတန်း)

မြန်မာနိုင်ငံ၌ ထိုသို့အရေးကြီးလာသောအခါ ဗိုလ်ချုပ်အောင်ဆန်းတည်းဟူသော အာဇာနည်ပုဂ္ဂိုလ်သည်လည်း ပေါ်ထွန်းလာခဲ့ပေသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် နတ်မောက်မြို့တွင် ဖွားရာဇာတိရှိသည်။ သူ၏ ဇာတိချက်ကြွေနတ်မောက်နယ်မြေမှ လှမ်းမျှော်၍ ကြည့်လျှင် ညှို့မှိုင်းသောရိုးမတောင်ခြေသည် တောက်ပသောနေမင်း၏ အရောင်အရှိန်အောက်ဝယ် စင်းစင်းဝပ်လျက် တည်ရှိလေသည်။ နံနက်ခင်းတွင် မြူခြေများဆိုင်း၍ မှိုင်းမှုံပြာရီလျက်ရှိသည့်အခါ တောင်တရိုး၌ မြူခိုးများ ဝေလျက်ရှိနေသည်။ အနောက်ဂေါယာသို့ ဖန်ဝါနေမင်းဆင်းသက်သည့် အချိန်၌မူကား တောင်ခြေမှာပြာနှမ်းနှမ်းဖြင့် မရမ်းကွက်ရောင်များသန်း၍ အဆန်းတကြယ် ရှုချင်ဖွယ်ရှိလှပါပေသည်။


ယောကျာ်းတို့ တတ်အပ်သော အတတ်ပညာ တို့ကို သင်ယူ


ထိုသို့သော လောကဓာတ်တစ်ဝန်းလုံး၌ ကျက်သရေအပေါင်းတို့ စုဝေးသည့်အခါ ငယ်ရွယ်သူ မောင်အောင်ဆန်း၏ရင်တွင်း၌ မည်သို့သော စိတ်စေတသိက်တို့သည် ကိန်းအောင်းလျက် ရှိပါမည်နည်း။ မောင်အောင်ဆန်းသည် ငယ်စဉ်ကပင်လျှင် မြန်မာပြည်ကြီးအား တိုင်းတစ်ပါးသားတို့ လွှမ်းမိုးဖိစီး လျက်ရှိကြောင်း၊ မြန်မာပြည်၏ ကျေးဇူးသစ္စာကို ဖောက်သူတို့ပေါများလျက်ရှိနေကြောင်းကို နားမချမ်းမြေ့ဖွယ်ရာ ကြားသိခဲ့ရသည်။ လူ့ဘဝသည် ပတ်ဝန်းကျင်အခြေအနေ၏ ပြုပြင် ဖန်တီးမှုအတိုင်းသာလျှင်ဖြစ်၏ဟူသော ဆိုရိုးစကားကိုလက်ခံရပါမူ မောင်အောင်ဆန်း၏ ဖွားရာဇာတိ အမိအဖ၊ အဆွေအမျိုးစသည်တို့၏ အရိပ်အာဝါသကို ကျွနု်ပ်တို့ ထည့်သွင်းစဉ်းစားရပေမည်။ အကြောင်းမှာမူ ထိုပတ်ဝန်းကျင်အထောက်အပံ့တို့၏ စိတ်ဓာတ်၌ တိုင်းတစ်ပါးသားတို့၏အုပ်စိုးမှုသည် မည်မျှတရားမျှတသည်ဆိုစေကာမူ ထိုအုပ်ချုပ်မှုကို စိုးစဉ်းမျှ သည်းမခံလိုကြပေ။ ထိုပတ်ဝန်းကျင်ထဲ၌ မောင်အောင်ဆန်းကြီး ပြင်းလာရသည်။ ဗြိတိသျှတို့ စိုးမိုးစဉ်အခါက အစဉ်အလာအတိုင်း မောင်အောင်ဆန်းသည် မြန်မာစာသင်ကျောင်းမှသည် အင်္ဂလိပ်-မြန်မာနှစ်ဘာသာသင်ကျောင်းသို့ ယင်းကမှတစ်ဆင့် ယူနီဗာစီတီ တက္ကသိုလ်ကျောင်းသို့ ရောက်ရှိကာ ယောကျာ်းတို့ တတ်အပ်သော အတတ်ပညာတို့ကို သင်ယူလေသည်။ 


တက္ကသိုလ်ကျောင်း၌ အင်္ဂလိပ်စာပေ၊ ရာဇဝင်သမိုင်းနှင့်နိုင်ငံရေးရာပညာတို့ကိုယူ၍ ဝိဇ္ဇာတန်းကို အောင်မြင်ခဲ့လေသည်။ ထိုပညာတို့က သူ့အား မျိုးစေ့ချပေးသော စိတ်ဓာတ်တို့မှာ အမေရိကန်တို့၏ လွတ်လပ်ရေးစစ်ပွဲမစမီအချိန်ကာလက အမေရိကန်နိုင်ငံသားတို့ရင်တွင်းဝယ် ကိန်းဝပ်နေသော လွတ်လပ်ရေးကြိုးပမ်းသည့် စိတ်ဓာတ်တို့ပင် ဖြစ်ပေမည်။


လွတ်လပ်ရေးကြိုးပမ်းမှု


ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးကြိုးပမ်းမှုတို့၌ဗိုလ်ချုပ်သည် မည်သို့သော အတွေ့အကြုံမျိုးစုံနှင့် တွေ့ ကြုံခဲ့ရပြီးလျှင် ဇွဲသတ္တိနှင့် တင်းမာခက်ထန်စွာ ဗမာ့လွတ်လပ်ရေး ကို မည်သို့အရတိုက်ယူခဲ့သည့် အကြောင်းများမှာ အများပင်ထပ်ခါထပ်ခါ ပြောဆိုရေးသားကြပြီးဖြစ်၍ ဤ၌ အကျယ်ကိုမဆိုတော့ပြီ။ ရာဇဝင်သမိုင်းတို့၌ တိုင်းပြည်တစ်ပြည်ရှိ လူမျိုးအပေါင်းတို့ စည်းလုံးညီညာသည့်အခါ၌ ထိုတိုင်းပြည်သည် အေးချမ်းသာယာ၍ ရွှေမိုးငွေမိုး ရွာလေ့ရှိသည်ကို ညွှန်းဆိုပြသည့် သာဓကများ ရှိလေသည်။ မြန်မာနိုင်ငံ၌ အနော်ရထာမင်းစော၏ လက်ထက်တွင် တစ်ကြိမ်၊ ဘုရင့်နောင်လက်ထက်တွင်တစ်ကြိမ်၊ အလောင်းဘုရားနှင့် ဆင်ဖြူရှင်လက်ထက်တို့တွင်တစ်ကြိမ် မြန်မာတို့ စည်းလုံးညီညွတ်ခဲ့ကြလေသည်။


ဗိုလ်ချုပ်သည် နိုင်ငံရေးနှင့်တကွ နိုင်ငံတော်ကိုခေါင်းဆောင်သွားရမည့် အရေးတို့၌ အမြော်အမြင်အလိမ္မာကြီးမားလှပါပေသည်။ မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားစည်းလုံးညီညွတ်မှု အင်အားကိုရမှ မြန်မာနိုင်ငံတော်၏ ကြီးပွားတိုးတက်မှုကို ဖြစ်ထွန်းစေနိုင်မည်ဟူ၍ ဗိုလ်ချုပ်၏ဉာဏ်မျက်စိ၌ မြင်သည်။ ဗြိတိသျှတို့သည် ၎င်းတို့မြန်မာပြည်ကို အုပ်ချုပ်နေသောကာလအတွင်း၌ တောင်တန်းနယ်ပယ်များကို မြန်မာပြည်မမှ ခွဲခြားထားသည်။ ထိုနယ်ပယ်များမှာ ဗြိတိသျှတို့အဖို့ ပြင်ပရန်သူကို ခုခံကာကွယ်ပေးနိုင်သော တံတိုင်းများနှင့်တူလေသည်။ ထို့အပြင်လည်း ပြည်တွင်းထြွကမှု ရန်များကို ထိန်းသိမ်းကွပ်ကဲနိုင်ရန်ထားသော လက်ကိုင်တုတ်များနှင့်လည်းတူပေသည်။ ထို့ကြောင့် တောင်တန်းဒေသများအပေါ်ဗြိတိသျှတို့ထားရှိသော ပေါ်လစီဝါဒမှာ ထိုအချက်နှစ်ချက် အပေါ်တည်ရှိသော “ သင်းခွဲဝါဒ” ပင်ဖြစ်သည်။


ဧရာဝတီမြစ်ဝှမ်း မြစ်ဝကျွန်းပေါ်ဒေသနှင့် ၎င်းတို့နှင့်ဆက်စပ်လျက်ရှိသော နယ်ပယ်တို့မှာ ဗြိတိသျှအုပ်ချုပ်ရေး၏လက်အောက်၌ရှိသော မြန်မာပြည်မဖြစ်သည်။ ထို့ကြောင့်မြန်မာပြည်မကြီးကို မိမိတို့လိုသလို ကြိုးကိုင်အုပ်ချုပ်နိုင်ရန်တောင်တန်းဒေသ မြန်မာတိုင်းရင်းသားတို့ကို ရှမ်းဟူ၍လည်းကောင်း၊ ဂျိန်းဖောဟူ၍လည်းကောင်း၊ ချင်းဟူ၍လည်းကောင်း၊“” ဟူ၍လည်းကောင်း အမည်အမျိုးမျိုးမှည့်၍ ပေးထား လိုက်လျှင် ကိစ္စပြီးမြောက်အောင်မြင်လေသည် မဟုတ်လော။ထို့ကြောင့် ထိုဒေသတို့ကို ဗြိတိသျှတို့က “ အောက်ကျနောက်ကျနယ်ပယ်” ဟု လက်ဦးစွာ အမည်ပေးသည့်နောက်၌ သော်ကား-ဇယားအတွင်းပါဝင်သော “နယ်ပယ်” ဟု ကင်ပွန်းတပ်လေသည်။ မည်သို့ပင်အမည်ပေးစေကာမူ တောင်တန်းသားတို့မှာ မြေပြင်ဝယ်နေထိုင်သော မြန်မာတို့နှင့် သီးခြားသွေးကွဲ၍သာ နေရလေတော့သည်။ 


ချစ်ခင်လေးစားကြည်ညိုကြ

ဗိုလ်ချုပ်၏ ဉာဏ်မျက်စိ၌ တောင်တန်းဒေသ မပါဝင်သော မြေပြင်ရှိ မြန်မာပြည်မ၏ လွတ်လပ်ရေးဟူသည် အဓိပ္ပာယ်မရှိသော လွတ်လပ်ရေးဖြစ်သည်ဟု မြင်သည်။ ရှေးခေတ်ကလူထုကို စုစည်းနိုင်သောစွမ်းရည်မှာ လက်နက်ပင်ဖြစ်လေသည်။ သို့သော် ဤခေတ်၌ လက်နက်နှင့် စည်းရုံးမှုမှာခေတ်မဆန်ရုံမျှမကသေး။ မကြံအပ်၊ မကြံကောင်းသောအမှုဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားအပေါင်းတို့သည် တစ်သွေးတည်း၊ တစ်စိတ်တည်း၊ တစ်ဝမ်းတည်း၊ တစ်မျိုးတည်းသာဖြစ်သည်ဟူသော သဘောတရားကို အများနားလည်စိမ့်သောငှာ ဗိုလ်ချုပ်သည် မြန်မာနိုင်ငံတစ်ဝန်းလုံးကို လှည့်လည်ကာဟောပြောစည်းရုံးခဲ့လေသည်။ဗိုလ်ချုပ်ဘယ်နယ်ရောက်ရောက် ရောက်သည့်နယ်မှလူမျိုး ပေါင်းစုံတို့သည် ဗိုလ်ချုပ်အား ချစ်ခင်လေးစားကြည်ညိုကြသည်သာတည်း။


မစ်ကြီးနား ဂျိန်းဖောတို့၏ မနောပွဲ၌လည်းကောင်း၊ ရှမ်းပြည်နယ်ပင်လုံကွန်ဖရင့်၌လည်းကောင်း၊ နွားနောက်သားကို ချစ်ကြည်ရေးအထိမ်းအမှတ်ဖြင့် လက်ဆောင်ပေးသောချင်းအမျိုးသားတို့၏ ဖလမ်းမြို့နယ်၌ လည်းကောင်း၊ ကရင်ခရစ်ယာန်နှင့် ကရင်ဗုဒ္ဓဘာသာတို့ တစ်စည်းတစ်လုံးတည်းဆုံတွေ့ ကြသော လှိုင်ဘွဲမြို့နယ် ကပ္ပလီရွာ(နှစ်ကူးပွဲ)၌လည်းကောင်း ဗိုလ်ချုပ်သည် တိုင်းရင်းသားချင်း ချစ်ကြည်ရေးဟူသော ပီယသိဒ္ဓိကိုအောင်ခဲ့သည်သာ ဖြစ်သည်။ ထိုသို့အောင်မြင်ခဲ့သဖြင့် ဗိုလ်ချုပ်နှင့်တကွ မြန်မာနိုင်ငံတော် ကြီးပါရည်မှန်းသော တိုင်းရင်းသားပေါင်းစုံစည်းလုံးညီညွတ်ရေးကြီးလည်း အောင်သိဒ္ဓိမြောက်ခဲ့လေသည်။


ဤချစ်ကြည်စည်းလုံးရေးမှာ အပေါ်ယံကြောမျှသာမဟုတ် ရင်တွင်းမှလှိုက်လှိုက်လှဲလှဲ ပေါ်ထွက်လာသောချစ်ကြည်စည်းလုံးရေးဖြစ်သည်။ မြန်မာနိုင်ငံရှိ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ရရှိသည်နှင့်တစ်ပြိုင်နက် တိုင်းတစ်ပါးသားအခြားလူမျိုးများနှင့်ယှဉ်၍ရင်ပေါင်တန်းကာ က္ဘာ့ငြိမ်းချမ်း ရေးပြဿနာကြီးကို ဖြေရှင်းနိုင်သော ပြည်ထောင်စု မြန်မာနိုင်ငံသားဟူ၍ ပေါ်ထွန်းလာနိုင်ခဲ့လေသည်။ ဤသို့ ပေါ်ထွန်းလာရသည်မှာကား အခြားမဟုတ်။ ပြည်ထောင်စုစည်းလုံးညီညွတ်ရေးကို ဆောင်ကြဉ်းပေးသော ဗိုလ်ချုပ်၏ ကျေးဇူးကြောင့်ဖြစ်ပေရာ ပြည်ထောင်စုသားအားလုံးသည် သတိရလွမ်းဆွတ်ဖွယ် (၇၂)နှစ်မြောက် အာဇာနည်နေ့ကြီးတွင် ဗိုလ်ချုပ်ကျေးဇူးပြန်လည်ပေးဆပ်မမေ့အပ်ပါကြောင်း နှိုးဆော်တင်ပြရေးသားရပါသည်။ ။


မြန်မာ့အလင်း