ဗိုင်းရပ်စ်ပိုး ကူးစက်မှု ထိန်းချုပ်ရေးအတွက် ညမထွက်ရအမိန့် ထုတ်ပြန်ရန် နယ်သာလန် လွှတ်တော်ဆုံးဖြတ်

၂၂ ဇန်နဝါရီ

 

 

နယ်သာလန် ဝန်ကြီးချုပ် မက်ခ် ရပ်တီ ရဲ့ ဗိုင်းရပ်စ်ပိုး ကူးစက်မှု ထိန်းချုပ်ရေး ညမထွက်ရအမိန့်ကို ကြာသပတေးနေ့တွင် လွှတ်တော်က အတည်ပြုလိုက်ကြောင်း သိရပါတယ်။

 

 

ညမထွက်ရ အမိန့် (ည ၉ နာရီ- နံနက် ၄:၃၀ နာရီ) အား ဇန်နဝါရီ ၂၃ ရက် စနေနေ့မှာ စတင်မယ်လို့ သိရပါတယ်။ ဝန်ကြီးချုပ်က အကြံပြုထားတဲ့ ညမထွက်ရ အမိန့် စတင်ချိန် ၈:၃၀ ထက် နာရီဝက် နောက်ကျပြီး လွှတ်တော်က အတည်ပြုပေးတာ ဖြစ်ပါတယ်။

 

 

ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကူးစက်မှု အရေအတွက် လျှော့ချရေးအတွက် ဒုတိယကမ္ဘာစစ်နောက်ပိုင်း နယ်သာလန် နိုင်ငံမှာ ပထမဆုံး ထုတ်ပြန်မယ့် ညမထွက်ရအမိန့်ကို အတည်ပြုပေးရန် ဝန်ကြီးချုပ်က ဆော်ဩနေခဲ့တာကို တွေ့ရပါတယ်။

 

 

ညမထွက်ရ အမိန့်အား ဇန်နဝါရီ ၂၃ ရက် မှ ဖေဖော်ဝါရီ ၁၉ ရက်နေ့အထိ ထုတ်ပြန်ထားပြီး မလိုက်နာသူတွေအား ယူရို ၉၅ (အမေရိကန်ဒေါ်လာ ၁၁၅) အား ဒဏ်ကြေးပေးဆောင်ရမှာ ဖြစ်ကြောင်း သိရပါတယ်။

 

 

ဝန်ကြီးချုပ် မက်ခ်ရပ်တီနဲ့ အစိုးရအဖွဲ့ဟာ ကလေးသူငယ် ထောက်ပံ့ရေး ရန်ပုံငွေကိစ္စ အရှုပ်တော်ပုံနဲ့ ပတ်သတ်ပြီး အစိုးရအဖွဲ့ တစ်ခုလုံး ရာထူးက နုတ်ထွက်မယ်လို့ ပြီးခဲ့တဲ့ သောကြာနေ့က ကြေညာခဲ့ပါတယ်။ ဒါပေမယ့် မတ်လ လယ်မှာ ကျင်းပမယ့် ရွေးကောက်ပွဲ မတိုင်ခင်အထိ မက်ခ်ရပ်တီ အစိုးရက ဆက်လက် တာဝန်ယူသွားမှာ ဖြစ်ပါတယ်။

 

 

နယ်သာလန် နိုင်ငံမှာ ဗိုင်းရပ်စ်ပိုး ကူးစက်မှု ထိန်းချုပ်ရန် အောက်တိုဘာလကစပြီး ဘားတွေနဲ့ စားသောက်ဆိုင်တွေကို ပိတ်ထားခဲ့ပြီး ဒီဇင်ဘာလကစပြီး ကျောင်းတွေနဲ့ အရေးမကြီးတဲ့ ပစ္စည်းအရောင်းဆိုင်တွေအား ပိတ်ထားခဲ့ပါတယ်။

 

 

ဗြိတိန်၊ တောင်အာဖရိကနဲ့ တောင်အမေရိက နိုင်ငံတွေကနေ လာရောက်တဲ့ လေကြောင်းခရီးစဉ်တွေအား ဇန်နဝါရီ ၂၀ ရက်နေ့ စပြီး တားမြစ်ထားပါတယ်။  ဗိုင်းရပ်စ်ပိုး ကူးစက်မှု ထိန်းချုပ်ရန် ဧည့်သည် လက်ခံခွင့်ကိုလည်း နှစ်ယောက်ကနေ တစ်ယောက်သာ လက်ခံရမယ့်လို့ အမိန့်ပြောင်းလဲ ထုတ်ပြန်ထားပါတယ်။

 

 

MDN

ကိုးကား - AFP