ဗိုင်းရပ်စ်ပိုး ကူးစက်နှုန်း လျော့ကျသွားတဲ့ တရုတ်နိုင်ငံမှာ ရုပ်ရှင်ရုံတွေ လာမယ့် သီတင်းပတ်မှာ စတင်ဖွင့်လှစ်မယ်

၁၆ ဇူလိုင်

 

 

တရုတ်နိုင်ငံမှာ လာမယ့် သီတင်းပတ် ကစပြီး ရုပ်ရှင်ရုံတွေဟာ တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေရေး စည်းမျဉ်းနဲ့အညီ ပြန်လည် ဖွင့်လှစ်သွားမယ်လို့ ဒီနေ့(ကြာသပတေးနေ့) မှာ ကြေညာလိုက်ပါတယ်။ နိုင်ငံမှာ ဗိုင်းရပ်စ်ပိုး ကူးစက်သူ မရှိတာ ၁၀ ရက်ဆက်တိုက် ရှိပြီးပြီလို့ သိရပါတယ်။

 

 

ရုပ်ရှင်ရုံတွေကို ဇူလိုင် ၂၀ ရက်နေ့မှ စတင်ဖွင့်လှစ်မှာဖြစ်ပြီး လာရောက်ကြည့်ရှုသူတွေကို ကိုယ်အပူချိန် တိုင်းခြင်း၊ မျက်နှာဖုံးဝတ်ကို ဝတ်ဆင်ထားရခြင်း၊ ရုပ်ရှင်ရုံတွင်း ထိုင်ခုံ အရေအတွက်ရဲ့ ၃၀ ရာခိုင်နှုန်းသာ ပရိသတ် ကြည့်နိုင်ခြင်းနဲ့ တစ်ဦးနဲ့တစ်ဦး အနည်းဆုံး တစ်မီတာ (သုံးပေခန့်) အကွာအဝေးမှာ ထားရမယ်လို့ သိရပါတယ်။

 

 

တရုတ် ရုပ်ရှင်ရုံ အုပ်ချုပ်ရေး တာဝန်ရှိသူတွေက ဇန်နဝါရီ လကုန်ပိုင်းက စတင်ပိတ်ခဲ့တဲ့ ရုပ်ရှင်ရုံတွေကို မတ်လမှာ ပြန်ဖွင့်မယ်လို့ ကြေညာခဲ့ပေမယ့် ဗိုင်းရပ်စ်ပိုး ပြန်တွေ့ခဲ့တဲ့အတွက် ပြန်ဖွင့်ချိန် အချိန်နှောင့်နှေးခဲ့ခြင်း ဖြစ်ပါတယ်။

 

 

ဒီနေ့မှာတော့ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ တစ်ဦး ရှိပေမယ့် နိုင်ငံခြားက ပြန်လာသူမှာ ဖြစ်တဲ့အတွက် ဗိုင်းရပ်စ်ပိုး ကူးစက်မှုနှုန်း နည်းပါးတယ်လို့ ဆိုနိုင်ပါတယ်။

 

 

တရုတ်နိုင်ငံ တစ်ဝန်းရှိ  Wanda Film ရုပ်ရှင်ရုံတွေက ပထမ ခြောက်လပတ်မှာ ယွမ်ငွေ ၁.၅ ဘီလီယံ အရှုံးပေါ်ကြောင်း သိရပါတယ်။

 

 

တခြားလုပ်ငန်းတွေ ပြန်ဖွင့်ခွင့် ရရှိပေမယ့် ရုပ်ရှင်ရုံ လုပ်ငန်းတွေဟာ ဖွင့်ခွင့် မရှိတဲ့အတွက် ဒီနှစ်မှာ အရှုံးအကြီးအကျယ်နဲ့ ရင်ဆိုင်နေရပါတယ်။

 

 

MDN

ကိုးကား - AFP