ဗိုင်းရပ်စ်ပိုး ကူးစက်နှုန်း နည်းပါးတဲ့ နိုင်ငံတွေမှ ဖင်လန်နိုင်ငံကို လာရောက်လည်ပတ်နိုင်တော့မယ်

၂၅ ဇွန်

 

 

ဖင်လန်နိုင်ငံက အီးယူအဖွဲ့ဝင် နိုင်ငံတွေထဲက ဗိုင်းရပ်စ်ပိုး ကူးစက်နှုန်း နည်းပါးတဲ့ နိုင်ငံတွေကို ဇူလိုင်လမှာ နိုင်ငံအတွင်း လာရောက်လည်ပတ်ခွင့် ပေးသွားမှာ ဖြစ်ပေမယ့် အိမ်နီးချင်း ဆွီဒင်နိုင်ငံကို တားမြစ်သွားမယ်လို့ တာဝန်ရှိသူတွေက ပြောကြားပါတယ်။

 

 

ပျှမ်းမျှအားဖြင့် လူဦးရေ ၁ သိန်းမှာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၈ ဦးအောက်ရှိတဲ့ နိုင်ငံတွေမှ လာရောက်လည်ပတ်ချင်သူများအား ဇူလိုင် ၁၃ ရက်နေ့စပြီး လက်ခံသွားမယ်လို့ အင်္ဂါနေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ  ပြည်ထဲရေးဝန်ကြီးကပြောပါတယ်။

 

 

ရှန်းဂမ်ဗီဇာ အဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ ဂျာမနီ၊ အီတလီ၊ ဩစတြီးယား၊ ဂရိ၊ ဆွစ်ဇာလန်၊ စလိုဗက်ကီးယား၊ စလိုဗေးနီးယား၊ ဟန်ဂေရီ နဲ့ လစ်တန်စတိန်း နိုင်ငံတွေဟာ ဖင်လန်နိုင်ငံရဲ့ သတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့ နိုင်ငံတွေဖြစ်ပါတယ်။ ဒါ့အပြင် ခရိုအေးရှား၊ ဆိုက်ပရပ်စ် နဲ့ အိုင်ယာလန် နိုင်ငံတွေကိုလည်း လာရောက်ခွင့်ရှိတဲ့ နိုင်ငံစာရင်းထဲမှာ ထပ်ထည့်ထားကြောင်း ပြောပါတယ်။

 

 

ဒိန်းမတ်၊ နော်ဝေ၊ အိုက်စ်လန် နိုင်ငံတွေကိုတော့ ပြီးခဲ့တဲ့ သီတင်းပတ်ကတည်းက လာရောက် လည်ပတ်နိုင်တဲ့ နိုင်ငံများစာရင်းမှာ ပါရှိပြီးဖြစ်ပါတယ်။

 

 

အိမ်နီးချင်း ဆွီဒင်နိုင်ငံဟာ ဒေသတွင်းမှာ ဗိုင်းရပ်စ်ပိုး ကူးစက်မှု အများဆုံး နိုင်ငံဖြစ်ကြောင်း လူ ၁ သိန်းမှာ ၁၁၈ ဒသမ ၂ ရာခိုင်နှုန်း ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံနေရတဲ့ နိုင်ငံဖြစ်ကြောင်း သတင်းစာ ရှင်းလင်းပွဲမှာ ထည့်သွင်းပြောကြား သွားပါတယ်။

 

ဆွီဒင်နိုင်ငံမှာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၆၂,၃၂၄ ဦး ရှိပြီး ၅,၂၀၉ ဦး သေဆုံးကြောင်း သိရပါတယ်။

 

 

ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးကြောင့် ဖင်လန်နိုင်ငံမှာ သေဆုံးသူ ၃၂၇ ဦးရှိရာ အဲဒီထဲမှ ၈၇ ရာခိုင်နှုန်းဟာ အသက် ၇၀ ကျော် အရွယ်တွေ ဖြစ်တာကြောင့် အသက် ၇၀ ကျော်အရွယ်တွေအား မလိုအပ်ဘဲ တစ်ဦးနဲ့တစ်ဦး ထိတွေ့ခြင်း မလုပ်ရန် အစိုးရက အကြံပြုထားပါတယ်။

 

 

အိမ်ကနေ အလုပ်လုပ်ခြင်း အစီအစဉ်ဟာ  ဩဂုတ်လ ၁ ရက်နေ့မှာ ပြီးဆုံးမှာဖြစ်ကြောင်း ဝန်ကြီးတွေ ပါဝင်တဲ့ သတင်းစာ ရှင်းလင်းပွဲကနေ သိရပါတယ်။

 

 

MDN

ကိုးကား - AFP