ဗိုင်းရပ်စ်ပိုးပြန့်ပွားစေတဲ့ ပါတီပွဲတွေမှာ ပါဝင်နေတဲ့ နိုင်ငံခြားသားတွေကို နိုင်ငံကနေ နှင်ထုတ်မယ်လို့ ကိုလံဘီယာ ကြေညာ

၁၉ ဇန်နဝါရီ

 

 

ကိုလံဘီယာ လူဝင်မှုကြီးကြပ်ရေးအဖွဲ့က ကပ်ရောဂါပိုးဖြစ်ပွားနေတဲ့အတွက် လူစုလူဝေးပြုလုပ်ခြင်းကို တားမြစ်ထားခြင်း စည်းမျဉ်းစည်းကမ်းကို ချိုးဖောက်ပြီး တရားမဝင် ပါတီပွဲတွေမှာ ပါဝင်နေတဲ့ နိုင်ငံခြားသားတွေကို  နိုင်ငံကနေ နှင်ထုတ်မယ်လို့ တနင်္လာနေ့မှာ ကြေညာလိုက်ပါတယ်။

 

 

မြို့တော်ဘိုဂိုတာမှာ ပြီးခဲ့တဲ့ စနေနေ့ကနေ တနင်္ဂနွေနေ့အထိ တစ်ညလုံးပေါက် ပါတီပွဲတစ်ခုကို ဖမ်းဆီးရာမှာနိုင်ငံခြားသား ၆၅ ဦး တွေ့ရှိခဲ့ပါတယ်။ အဲဒီဖမ်းဆီမှုအပြီး လူဝင်မှုကြီးကြပ်ရေးအဖွဲ့က လူစုလူဝေးတားမြစ်ချက်ကို ချိုးဖောက်တဲ့ နိုင်ငံခြားသားတိုင်းကို ချက်ချင်းနှင်ထုတ်မယ်လို့ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

 

 

ဖမ်းဆီးမိတဲ့ နိုင်ငံခြားသားအများစုဟာ ဗင်နီဇွဲလား နိုင်ငံသားတွေ ဖြစ်ပါတယ်။ ဗင်နီဇွဲလားနိုင်ငံမှာ စီးပွားရေးပြိုလဲပြီး နိုင်ငံရေးမတည်မငြိမ်ဖြစ်မှုကြောင့် လူပေါင်း ၁ ဒသမ ၇ သန်းလောက်ဟာ ကိုလံဘီယာနိုင်ငံမှာ  ရွှေ့ပြောင်းနေထိုင်ကြောင်း သိရပါတယ်။

 

 

ဗိုင်းရပ်စ်ပိုး ကူးစက်မှုကို ကိုင်တွယ်ရန် ညမထွက်ရအမိန့်ကို လာမယ့် အင်္ဂါနေ့ကစပြီး သတ်မှတ်ကြောင်းနဲ့ အသွားအလာကန့်သတ်မှုကိုလည်း တတိယမြောက် သီတင်းပတ်အဖြစ် သတ်မှတ်ကြောင်း ဘိုဂိုတာ မြို့တော်ဝန်က တနင်္လာနေ့မှာ ကြေညာပါတယ်။

 

 

လူဦးရေ ၈ သန်းနေထိုင်တဲ့ မြို့တော်ရှိ အရေးမကြီးတဲ့ ပစ္စည်းအရောင်းဆိုင်တွေအား သောကြာနေ့ ( ဇန်နဝါရီ ၂၂ ရက်) ည ၈ နာရီကနေ တနင်္လာနေ့ (ဇန်နဝါရီ ၂၅ ရက်) နံနက် ၄ နာရီအထိ ပိတ်ထားဖို့ ထုတ်ပြန်ထားပါတယ်။ တခြားသော တားမြစ်မှုတွေအား ဇန်နဝါရီ ၂၈ ရက်အထိ ဆက်လက် ပြဋ္ဌာန်းကြောင်း သိရပါတယ်။

 

 

MDN

ကိုးကား - AFP

mdn