ဗိုင်းရပ်စ်ပိုးတွေ့လူနာနှင့် ထိတွေ့ခဲ့သည့် စပိန်ဘုရင် သီးခြားခွဲနေ

မက်ဒရစ် ၂၅ နိုဝင်ဘာ

ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူတစ်ဦးနှင့် ထိတွေ့ခဲ့သည့်  စပိန်ဘုရင် ဆဋ္ဌမမြောက် ဖိလစ်က သီးခြားခွဲနေလျက်ရှိကြောင်း ဘုရင့်နန်းတော်က ပြောကြားသည်။

ဘုရင်နှင့် ထိတွေ့ခဲ့သည့်ပုဂ္ဂိုလ်တစ်ဦးတွင် ဗိုင်းရပ်စ်ပိုး စမ်းသပ်တွေ့ရှိခဲ့သည့်အတွက် အသက် ၅၂ နှစ်အရွယ်  ဘုရင် ဆဋ္ဌမမြောက် ဖိလစ်က ၁၀ ရက်ကြာ တရားဝင်လှုပ်ရှားမှုများအားလုံး ဆိုင်းငံ့ခဲ့ကြောင်း ဘုရင့်နန်းတော်က ထုတ်ပြန်ချက်တစ်ခုတွင် ဖော်ပြထားသည်။ “ကျန်းမာရေး စည်းမျဉ်းတွေနဲ့အညီ ယနေ့မှစ၍ ဘုရင် ဆဋ္ဌမမြောက် ဖိလစ်က ၁၀ ရက်ကြာ သီးခြားခွဲနေ မှာဖြစ်ပါတယ်” ဟု ထုတ်ပြန်ချက်က ဆိုသည်။

ဘုရင်မ လီတီဇီယာနှင့် သမီးတော်များဖြစ်သော လီယိုနော်နှင့် ဆိုဖီယာတို့က ပုံမှန်အတိုင်း လှုပ်ရှားမှုများ ဆက်လက်လုပ်ဆောင်မည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ အတန်းဖော်များ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုတစ်ခု တွေ့ရှိမှုကြောင့် အသက် ၁၅ နှစ်အရွယ် အိမ်ရှေ့စံမင်းသမီး လီယိုနော်က စက်တင်ဘာလအတွင်း နှစ်ပတ်ကြာ သီးခြားခွဲနေခဲ့ရသည်။

ကိုဗစ်ကူးစက်လူနာ ၁ ဒသမ ၅ သန်းကျော်နှင့် သေဆုံးသူ ၄၃၀၀၀ ကျော်ရှိသော စပိန်နိုင်ငံက ဗိုင်းရပ်စ်ဘေးအသင့်ဆုံး နိုင်ငံများတွင် ပါဝင်သည်။

ကိုးကား-အေအက်ဖ်ပီ၊ 

ဘာသာပြန်-ကျော်ထိုက်စိုး