ဗလတောင့်ချင်တဲ့ ကိုကိုတို့အတွက်

၂၆  ဇူလိုင်

 

ပိန်ပိန်ပါးပါး LCD ခေတ်က ကုန်သွားပါပြီ။  ခုခေတ်မှာဆို မိန်းကလေးဆို ကိတ်မှ၊ ယောကျာ်းလေးဆို  တောင့်မှ ကြိုက်ကြတဲ့ခေတ်ကို ရောက်လာပါပြီ။ ဒီလိုနဲ့ကြွက်သားတွေ တောင့်အောင် gym တွေသွားကြ၊ ကြွက်သား တည်ဆောက်ပေးတဲ့ပရိုတင်းတွေ ဝယ်သောက်ကြနဲ့ ပိုက်ဆံအပိုကုန်ရမယ့် အပေါက်တွေတိုးလာပါတယ်။ gym သွားတာကတော့ထားပါ။ ကြွက်သားတက်ချင်ရင် လေ့ကျင့်ခန်းကတော့ လုပ်ပေးမှရတာကိုး။ ပရိုတင်းတွေ ဝယ်သောက်တာကျတော့ သက်သက် အပိုပိုက်ဆံကုန်သလိုဖြစ်မနေဘူးလား။ ကိုယ့်နေ့စဉ်စားနေတဲ့ သဘာဝ အစားအသောက်တွေကလည်း ကြွက်သားတည်ဆောက်ပေးနိုင်တယ်ဆိုတာ သင်သိပါသလား။ သူတို့မှာ ဘေးထွက်ဆိုးကျိုးလည်း မရှိတဲ့အပြင် နေ့စဉ်စားတဲ့ အစားအသောက်တွေနေရာမှာ အဲ့ဒါလေးတွေ ရွေးစားပေးလိုက်တော့ ပိုက်ဆံလည်း အပိုထပ်မကုန်တော့ဘူပေါ့။   

 

လုံးဝကို ဗလတောင့်စေမယ့် စူပါ အစားအစာ ၆ မျိုး    

 

ကြက်သား၊ အမဲသား

 

အားလုံးသိကြတဲ့အတိုင်း ကြွက်သားတွေစတင်တည်ဆောက်ဖို့၊ သန်မာကြီးထွားလာဖို့ဆို ပရိုတင်း စားပေးရပါမယ်။ အသားတွေဆိုတာ ပရိုတင်းဓာတ်အကြွယ်ဝဆုံးဖြစ်တဲ့အရာတွေပါ။ ဒါကြောင့် အသားတွေ များများစားပါ။ အသားဆိုပြီးရောဆိုပြီး အကြော်အလှော်နဲ့ ဆီပြန်ဟင်းတွေသာ စားမယ်ဆိုရင်တော တောင့်တော့တောင့်လာပါလိမ့်မယ်။ အဆီတွေ။ အစပိုင်းတည်းက အဆီပိုမရှိ ကျစ်လစ်တောင့်တင်းတဲ့ ကိုယ်ခန္ဓာပိုင်ဆိုင်ချင်ခဲ့တာမလား။  ဒီတော့ ကိုယ်လိုချင်တဲ့ ပရိုတင်းဓာတ်အတွက် အသားပြုတ်တွေကို စားပေးတာကသာ ပိုကောင်းပါလိမ့်မယ်။ တစ်ခုထပ်မှာချင်တာက အဆီများတဲ့ ဝက်သားကို ထိပ်ဆုံးက ရှောင်ပါ။ 

 

ကြက်သားဆိုရင်ပုံသားကိုရွေးစားပါ။ ကြက်အရေခွံကို ယောင်လို့တောင် မစားမိပါစေနဲ့။  

 

ဥအမျိုးမျိုး

 

ကဲ ဥ ရဲ့ ကောင်းကျိုးတွေကတော့ ဋီကာဖွဲ့လို့ ဆုံးတော့မှာကို မဟုတ်ဘူး။ အဲဒီအထဲမှာ ကြွက်သား တည်ဆောက်ပေးနိုင်တာကလည်း တစ်ခုပေါ့။ လေ့ကျင့်ခန်းလုပ်ပြီးတိုင်း ပြန်အားဖြည့်တဲ့အနေနဲ့ ကြက်ဥပြုတ် ၅ လုံးသာစားပေးလို့ကတော့ သင်လိုချင်တဲ့ ဘော်ဒီတောင့်တောင့်လေးတစ်ခုကို အချိန်တိုအတွင်း ပိုင်ဆိုင်နိုင်တော့မှာပါ။ ကြက်ဥကို ကြွက်သားတက်ဖို့အတွက် စားပေးတဲ့နေရာမှာ တစ်ခု သတိထားစေချင်တာတော့ အကာပဲစားပါ။ အနှစ်မစားပါနဲ့။ အကာမှာသာ ပရိုတင်းတွေပါပြီး အနှစ်မှာကျ အဆီတွေပဲပါလို့ပါ။

 

ပဲအမျိုးမျိုး

 

ကိုယ်ခန္ဓာလည်းထွားချင်တယ်၊ အဆီပိုလည်း မရှိချင်ဘူးဆိုရင်တော့ ကိုယ်နေ့စဉ်စားနေတဲ့ ထမင်းဖြူတွေ၊ ပေါင်မုန့်တွေကို လျှော့စားပြီး သူတို့နေရာမှာ ပဲတွေကို အစားထိုးပါ။ ပဲတွေဆိုတာ အပင်တွေကနေရတဲ့ အသားဓာတ်တွေပါ။ သူတို့လိုမျိုး အမျှင်ဓာတ်ရော၊ အသားဓာတ်ရော နှစ်မျိုးကြွယ်ဝတဲ့ အစားအသောက်တွေ ထပ်မရှိနိုင်တော့ပါဘူး။

 

အခွံမာသီးတွေ 

 

သစ်ကြားသီး၊ သစ်ချသီး၊ ဗန်ဒါစေ့တိုလို ပရိုတင်းကြွယ်ဝတဲ့ အစေ့အဆန်တွေ မရှိနိုင်တော့ပါဘူး။ သူတို့မှာ ပရိုတင်းဓာတ်တွေအပြင် အမျှင်ဓာတ်၊ မပြည့်ဝဆီတွေနဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ အများကြီးပါလို့  သူတို့ကိုသာ စားပေးရင် လူလည်းကျန်းမာ၊ ဗလလည်း တက်လာတော့မှာပါ။ အစိမ်းပဲစားစား၊ အလှော်ပဲစားစား။ ဆီပူထဲ ကြော်မစားရင် ရပါပြီ။  

 

အဆီထုတ်ထားတဲ့ နို့နဲ့ နို့ထွက် ပစ္စည်းတွေ 

 

နွားနို့မှာက များပြားလှတဲ့ ပရိုတင်းဓာတ်တွေအပြင် အရိုးသန်မာစေဖို့လိုအပ်တဲ့ ကယ်လ်ဆီယမ်၊ အရိုးကြံ့ခိုင်ဖို့အတွက် လိုအပ်တဲ့ ဗီတာမင်ဒီတွေလည်းပါပါတယ်။ မလိုင်အပြည့်နဲ့ နွားနိ့ကိုတော့ ရှောင့်ပေါ့နော့။ နွားနို့များများသောက်ပါ။ ကြွက်သားတွေကို ထိန်းထားပေးနိုင်ဖို့ အရိုးသန်မာဖို့လည်း လိုတယ်လေနော်။

 

ပင်လယ်စာ

 

ပင်လယ်စာတွေဖြစ်တဲ့ ပုစွန်၊ ဂုံး၊ ကနုကမာ၊ နဲ့ ဆော်လမွန်ငါးတို့ဟာ ပရိုတင်း အကြွယ်ဝဆုံး ပင်လယ်စာတွေဖြစ်ပါတယ်။ ကြော်ရင်လည်း အဆီပါတယ်၊ ဆီပြန်ဟင်းဆိုလည်း အဆီတွေက တစ်ပုံကြီးဆိုတော့ ပင်လယ်စာတွေကို စားရမှာ အခက်တွေ့နေကြတဲ့သူတွေအတွက် အကြံလေး ပေးချင်ပါတယ်။ ပင်လယ်စားတွေလောက် သုပ်စားလို့ မြိန်တဲ့အရာ မရှိပါဘူး။ ဒါကြောင့် ပင်လယ်စာတွေကို သုပ်စားပါ။ သင့်ခံတွင်းလည်းမြိန် ကြွက်သားတွေလည်း သိမ်နေတော့ မှာမဟုတ်ပါဘူး။

 

ဒီဆောင်းပါးလေးကနေ ကိုယ်နေ့စဉ်စားနေတဲ့ အစားအသောက်တွေကလည်း ကြွက်သားတောင့်အောင် လုပ်ပေးနိုင်တဲ့ အစွမ်းတွေရှိပါလားဆိုတာ သိသွားစေဖို့ ရည်ရွယ်ပါတယ်။ ဒါတွေသာ ကိုယ်နေ့စဉ်စားတဲ့ အစားအသောက်ထဲ ထည့်စားလိုက်မယ်ဆိုလို့ကတော့  ဗလတောင့်ချင်တဲ့ ကိုကိုတို့အတွက် gym သွားတဲ့ ပိုက်ဆံပဲကုန်ပြီး ပရိုတင်းအတွက် သက်သက် ပိုက်ဆံထပ်ကုန်တာမျိုးတွေ မဖြစ်တော့ဘူးနော်။   

 

ရေးသားသူ - Dr. Thin Yadanar @ Frances

 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ - Dr. Thurein Hlaing Win

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် www.hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။”