ဗင်းနစ်မြို့တွင် မကြုံစဖူးဒီရေတက်မှုကြောင့် မြို့အတွင်းရေလွှမ်း

ဗင်းနစ်  ၁၃  နိုဝင်ဘာ

နှစ်ပေါင်း ၅၀ ကာလအတွင် မကြုံစဖူး ဒီရေတက်မှု ဗင်းနစ်မြို့တွင် နိုဝင်ဘာ ၁၂ ရက်က ဖြစ်ပွားခဲ့ရာ ခရီးသွားများ မှာ ရွှံ့နွံများကြား ဖြတ်သန်းသွားလာနေကြရသည်။ ဒီရေ စောင့်ကြည့်ရေးစင်တာ၏ ပြောကြားချက်အရ ဒီရေမြင့်တက်မှုမှာ ၁ ဒသမ ၈၇ မီတာရှိသည်ဟု သိရသည်။ အဆိုပါ စံချိန်သည် ၁၉၆၆ ခုနှစ်နောက်ပိုင်း အများဆုံးစံချိန်ပင်ဖြစ်သည်။

၁၉၆၆ ခုနှစ်တွင် ဒီရေမြင့်တက်မှု ၁ ဒသမ ၉၄ စင်တီ မီတာရှိခဲ့သည်။ စိန့်မာ့ခ်ရင်ပြင်သည် ဗင်းနစ်မြို့အတွင်း အနိမ့်ပိုင်း နေရာတစ်ခုဖြစ်ကာ ရေဝင်ရောက်မှု အဆိုးရွားဆုံး ထိခိုက်ခံစားခဲ့ရသည့် နေရာလည်းဖြစ်သည်။ စိန့်မတ်ခ် ဘာစီလီကာသည် နှစ်ပေါင်း ၁၂၀ဝ အတွင်း ၆ ကြိမ်တိုင် ရေဝင်ရောက်မှုရှိခဲ့ကြောင်းလည်း မှတ်တမ်းများအရ သိရသည်။

တူးမြောင်းများအတွင်း ပျက်စီးမှုကို တိုင်းတာရန် အရေးပေါ်ဝန်ဆောင်မှုအဖွဲ့မှ ဆောင်ရွက်လျက်ရှိပြီး အသက် ၇၈ နှစ်အရွယ် အီတလီအမျိုးသားတစ်ဦးမှာ ၎င်း၏ နေအိမ်အတွင်း ရေများစိမ့်ဝင်လာကာ ဓာတ်လိုက်မှုကြောင့် သေဆုံးခဲ့သည်ဟု အီတလီမီဒီယာများတွင် ဖော်ပြကြသည်။ ကမ်းရိုးတန်းစောင့်တပ်ဖွဲ့ကလည်း လှေပိုများ ထားရှိကာ ရေပေါ်လူနာတင်ယာဉ်များ အဖြစ် ပြင်ဆင်ထားရှိသည်။

ရှည်လျားပြီး ခက်ခဲသည့်ညတစ်ညဖြစ်ခဲ့ကြောင်း၊ ယခုအခါ ရေများကျဆင်းနေပြီဖြစ်ကြောင်း၊ ရေစတင်တက်လာသည့် အချိန်က ကြောက်ရွံ့မှုများ ကြီးစိုးခဲ့သော်လည်း ယခုအခါ အပျက်အစီးများကို တွက်ချက်ရတော့မည့် အချိန်ဖြစ်ကြောင်း ဗင်းနစ်မြို့တော်ဝန် လူဝီဂျီဂရန်နာရိုက ပြောသည်။ မြို့တော်အတွင်း သဘာဝဘေးအန္တရာယ်အဖြစ် ကြေညာမည်ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ ယခုလို မကြုံစဖူးရေလွှမ်းမိုးမှုမှာ ရာသီဥတုပြောင်းလဲမှုကြောင့်ဟု ၎င်းက ပြစ်တင်ပြောဆို ခဲ့သည်။

အေအက်ဖ်ပီ