ဇွန် ၂၅
ဗင်နီဇွဲလားနိုင်ငံတွင် အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ပြီး မြို့တော်ကာရာကတ်စ်နှင့် အခြားဒေသများတွင် ပျက်စီးဆုံးရှုံးမှုကြီးများဖြစ်ပေါ်ခဲ့ရာ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေဆဲဖြစ်ကြောင်း ဖော်ပြထားသည်။
ယာယီသမ္မတ ဒယ်လ်စီ ရိုဒရီဂွက်ဇ်က အရေးပေါ်အခြေအနေကြေညာခဲ့သည်ဟု သိရသည်။
ဗင်နီဇွဲလားနိုင်ငံ အနောက်မြောက်ဒေသတွင် ယမန်နေ့က ပြင်းအားပမာဏ ၇ ဒသမ ၂ နှင့် ၇ ဒသမ ၅ ရှိသော ငလျင်ကြီးနှစ်ကြိမ် ဆက်တိုက် လှုပ်ခတ်ခဲ့ပြီး မြို့တော်၌ အဆောက်အအုံများ ပြိုကျပျက်စီးခဲ့ကြောင်း အမေရိကန်ဘူမိဗေဒတိုင်းတာရေးဌာနက ပြောကြားသည်။
ငလျင်ဗဟိုချက်များသည် ကာရာကတ်စ်၏ အနောက်ဘက် ၁၆၀ ကီလိုမီတာခန့်အကွာတွင်ရှိသည်။ ငလျင်လှုပ်ခတ်မှုများသည် ကြီးမားသောပျက်စီးဆုံးရှုံးမှုများနှင့် မြင့်မားသောသေဆုံးမှုများကို ဖြစ်ပေါ်စေနိုင်ဖွယ်ရှိကြောင်း ပြောကြားခဲ့ပြီး ခန့်မှန်းသေဆုံးမှုများကို အနီရောင်သတိပေးချက် သို့မဟုတ် အပြင်းထန်ဆုံးအဆင့်အဖြစ် သတ်မှတ်ခဲ့သည်။
အမေရိကန်အမျိုးသားသမုဒ္ဒရာနှင့်လေထုစီမံခန့်ခွဲရေးဌာနသည် ငလျင်ဗဟိုချက်မှ ၃၀၀ ကီလိုမီတာအတွင်း ကမ်းရိုးတန်းဒေသများအတွက် ဆူနာမီသတိပေးချက်ကို ကနဦးထုတ်ပြန်ခဲ့သော်လည်း နောက်ပိုင်းတွင် အန္တရာယ်မရှိကြောင်း ပြောကြားခဲ့သည်။
ကိုးကား- အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို


