ဗင်နီဇွဲလားသမ္မတရဲ့ သားလည်း ဗိုင်းရပ်စ်ပိုးကာကွယ်ဆေး စမ်းသပ်ခံမယ်

၅ အောက်တိုဘာ

 

ဗင်နီဇွဲလားသမ္မတ မာဒူရို ရဲ့ သားလည်း ရုရှားထုတ် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး Sputnik V ဆေးစမ်းသပ်ရာတွင် ပါဝင်မယ်လို့ တနင်္ဂနွေနေ့က သမ္မတက ထုတ်ပြန် ပြောကြားပါတယ်။

 

ရုရှားနိုင်ငံထုတ် Sputnik V လို့ အမည်ပေးထားတဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကာကွယ်ဆေးဟာ ကမ္ဘာမှာ ကာကွယ်ဆေးအဖြစ် ပထမဆုံး ခွင့်ပြုထားတဲ့ ဆေးဖြစ်ကြောင်း ရုရှားက ကြေညာထားပါတယ်။

 

ဗင်နီဇွဲလားနိုင်ငံသို့ ပထမအသုတ်အနေနဲ့ သောကြာနေ့က ရောက်ရှိလာတဲ့ ရုရှားကာကွယ်ဆေးကို လူ ၂,၀၀၀ က စမ်းသပ်ခံယူမယ်လို့ သိရပါတယ်။

 

သမ္မတ မာဒူရိုက နိုင်ငံအား ရုပ်မြင်သံကြားကနေ မိန့်ခွန်းပြောကြားရာတွင် ရုရှားထုတ်ကာကွယ်ဆေးကို သူ့သားဖြစ်သူ လည်း စမ်းသပ်ခံယူမယ်၊ အဲဒီဆေးဟာ ကောင်းတယ်လို့ သူထင်ကြောင်း ပြောကြားပါတယ်။

 

မာဒူရိုရဲ့နှမ ဖြစ်သူပါ ကာကွယ်ဆေး စမ်းသပ်ခံမယ်လို့ သိရပါတယ်။ သမ္မတရဲ့သားဖြစ်သူဟာ အသက် ၃၀ အရွယ်နိုင်ငံရေးသမားဖြစ်ပြီး ဖခင်ဖြစ်သူရဲ့ အာဏာရပါတီ (PSUV) အဖွဲ့ဝင်လည်း ဖြစ်ပါတယ်။

 

ရုရှားထုတ်ဆေးဟာ အဆင့် ၃ အနေနဲ့ ဆေးစမ်းသပ်ရာတွင် လူပေါင်း ၄၀,၀၀၀ ပါဝင်စမ်းသပ်ခံနေကြောင်း မော်စကိုရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

သမ္မတ မာဒူရိုက စမ်းသပ်တဲ့အဆင့် ပြီးဆုံးသွားပြီး ကာကွယ်ဆေးကို လူအများကို ထိုးနှံပေးတဲ့ အချိန်ရောက်ရင် သူဟာ ပထမဦးဆုံး ထိုးတဲ့လူ ဖြစ်မယ်လို့ မိန့်ခွန်းမှာ ပြောကြားပါတယ်။

 

ဗင်နီဇွဲလားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူပေါင်း ၇၈,၄၃၄ ဦးရှိပြီး သေဆုံးသူ ၆၅၃ ဦးရှိကြောင်း သိရပါတယ်။

 

MDN

ကိုးကား- AFP