ဗန်ကောက်မြို့၌ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရန် စာသင်ကျောင်းများ သီတင်းပတ်နှစ်ပတ် ပိတ်မည်

ဗန်ကောက် ၁  ဇန်နဝါရီ

 

 

ထိုင်းနိုင်ငံ၏ မြို့တော်ဗန်ကောက်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု ဆက်လက် ပျံ့နှံ့နေသည့်အတွက် စာသင်ကျောင်းများ၊ အားကစားရုံများနှင့် ဖျော်ဖြေရေးပန်းခြံများ အပါအဝင် မြို့ပေါ်ရှိ ပွဲတော်ကျင်းပရာ နေရာများကို ယာယီပိတ်ထားရန် ဗန်ကောက်မြို့အုပ်ချုပ်ရေးအဖွဲ့က ယနေ့ အမိန့်ထုတ်ပြန်လိုက်သည်။

 

 

ဗန်ကောက်မြို့အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုထိန်းချုပ်ရန် ရည်ရွယ်သည့် ရောဂါထိန်းချုပ်ရေးဆိုင်ရာ အဆိုပါ အစီအမံများသည် ဇန်နဝါရီ ၂ ရက်မှ စတင်အကျုံးဝင်မည်ဖြစ်ကြောင်း မြို့တော်အုပ်ချုပ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ပေါင်စကောန်ကွန်မွန်က ပြောကြားသည်။

 

 

ဗန်ကောက်မြို့ပေါ်ရှိ အစာသင်ကျောင်း အားလုံးကို ဇန်နဝါရီ ၄ ရက်မှ ၁၇ ရက်အထိ ပိတ်ထားမည်ဖြစ်ပြီး ကျန်ရှိသော အခြားနေရာများကို တာဝန်ရှိသူများထံမှ အကြောင်းပြန်ကြားစာ မရှိမချင်း ပိတ်ထားမည်ဖြစ်သည်။

 

 

ထို့အတူ ဗန်ကောက်မြို့တစ်မြို့လုံးရှိ စားသောက်ဆိုင်များကို ပါဆယ်စနစ်ဖြင့်သာ ဖွင့်လှစ်ခွင့်ပြုမည်ဖြစ်ပြီး ဈေးဝယ်သူများကို နေရာထိုင်ခင်းချပေးမည် မဟုတ်ကြောင်း သိရသည်။

 

 

ထိုင်းနိုင်ငံ၌ လွန်ခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၇၉ ဦး ထပ်မံတွေ့ရှိခဲ့ပြီး ရောဂါကြောင့် နှစ်ဦး သေဆုံးခဲ့သည်။ ယခုအခါ ကိုဗစ်-၁၉ ရောဂါသည် နိုင်ငံ၏ ပြည်နယ်နှင့် ဒေသသုံးပုံနှစ်ပုံခန့်သို့ ကူးစက်ပျံ့နှံ့သွားပြီး နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ စတင်တွေ့ရှိခဲ့ချိန်မှ စ၍ လက်ရှိအချိန်အထိ ရောဂါ ကူးစက်ခံရသူပေါင်း ၇၁၆၃ ဦးရှိပြီး ရောဂါကြောင့် သေဆုံးသူပေါင်း ၆၃ ဦးရှိလာကြောင်း သိရသည်။

 

 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - ဂျေတီ