ဗန်းမော်၊ အမရပူရ၊ ပင်လောင်းနှင့် ကျောက်မဲမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ဒီဇင်ဘာ ၂၆

 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၂၅ ရက် မွန်းလွဲ ၂ နာရီတွင်   ဗန်းမော်မြို့၊ သာစည်ရပ်ကွက်၊ ဂျူဗလီလမ်းမပေါ်တွင် ခန့်ညားကျော် မောင်းနှင်ပြီး မလေပြေနွေးနွေး လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၇,၈၀၀ ကိုလည်းကောင်း။

 

ဒီဇင်ဘာ ၂၄ ရက် နံနက် ၁၁ နာရီ မိနစ် ၂၀ တွင် အမရပူရမြို့နယ်၊ နတ်ရေကန် ကျေးရွာအုပ်စု၊ စည်ပင် ကျေးရွာအနီးတွင် မသင်္ကာဖွယ်ရပ်တန့်ထားသည့် NISSAN ၁၂ ဘီးမော်တော်ယာဉ်ကို သတင်းအရ စစ်ဆေး ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၈၀,၀၀၀ ၊ ဘိန်းဖြူ ၁ ဒသမ ၈၇ ကီလို ကိုလည်းကောင်း၊

 

ဒီဇင်ဘာ ၂၃ ရက် မွန်းလွဲ ၃ နာရီခွဲတွင် ပင်လောင်းမြို့နယ်၊ ထိန်ပင်ကျေးရွာအုပ်စု၊ လိန်းလီ ကျေးရွာအနီးတွင် သိန်းကျော်ထက်(ခ)ပျော့ကြီး မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်နှင့် သော်လင်းထက် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်တို့ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၆,၀၀၀ ၊ ဘိန်းဖြူ သုည ဒသမ ၁၃၂ ကီလို ကိုလည်းကောင်း၊ ထိုနေ့ ညနေ ၅ နာရီခွဲတွင်  ကျောက်မဲမြို့နယ်၊ ကုလားကုန်းကျေးရွာအနီးတွင် အိုက်မူး မောင်းနှင်ပြီး ဒေါင်ဇောင်းလိုက်ပါလာသည့် မော်တော်ဆိုင်ကယ်နှင့် စိုင်းစောလှ မောင်းနှင်ပြီး စိုင်းမောင်လူ လိုက်ပါလာသည့် မော်တော်ဆိုင်ကယ် တို့ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေး ၂၈,၆၆၅ ပြား သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

(ရဲပြန်ကြား)