ဗန်းမောက်မြို့နယ် ဇလုံတောင်တော် ၂၄ နာရီ လျှပ်စစ်မီးဖွင့်ပွဲကျင်းပ

ဗန်းမောက် ဒီဇင်ဘာ ၁၆

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်အတွင်းရှိ ဇလုံတောင်တော်တွင် ၂၄ နာရီ လျှပ်စစ်မီးဖွင့်ပွဲကို ဒီဇင်ဘာ ၁၅ ရက် နံနက် ၁၀ နာရီက အဆိုပါတော်ပေါ်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ဇလုံတောင်တော်သည် ဗန်းမောက်မြို့နှင့် (၁၄)မိုင်ခန့်ကွာဝေးပြီး ဇလုံတောင်ဘုရားသည် တန်ခိုးကြီးဘုရားဖြစ်​ကြောင်း လူသိများသဖြင့် မြန်မာနိုင်ငံအတွင်းရှိ အနယ်နယ်၊ အရပ်ရပ်မှ ဘုရားဖူးများ လာရောက်ကြကြောင်း သိရသည်။

 

ယခုအခါ နိုင်ငံတော်အစိုးရမှ ဇလုံတောင်တော်အား ၂၄ နာရီ လျှပ်စစ်ဓာတ်အားရရှိရေး ဆောင်ရွက်ခဲ့ရာ ငွေကျပ်သိန်း(၁၀၀၀)ကျော် ကုန်ကျခဲ့ကြောင်း၊ အဆိုပါကုန်ကျငွေကို စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကုန်ကျခံခဲ့ကြောင်း ဗန်းမောက်မြို့နယ် လျှပ်စစ်မှူး ဦးမောင်တိုးမှ ပြောပြသည်။

 

လျှပ်စစ်မီးဖွင့်ပွဲအခမ်းအနားသို့ ဗန်းမောက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းဌေးနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့မိမြို့ဖများ၊ ဂေါပက အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

 

ဇလုံတောင်တော်သည် နှစ်ပေါင်းများစွာစောင့်ခဲ့ရသော ၂၄ နာရီ လျှပ်စစ်မီးရရှိသဖြင့် ဇလုံတောင် ဆရာတော်နှင့်အတူ ဗန်းမောက်မြို့သူမြို့သားများ၊ နယ်သူ၊ နယ်သားများ ဝမ်းမြောက်၊ ဝမ်းသာရှိနေကြသည်။ ဗန်းမောက်မြို့နယ်အတွင်းရှိ ဇလုံတောင်ဘုရားဖူးလာ ဓမ္မမိတ်ဆွေများအတွက် ညအိပ်လာရောက်မည်ဆိုပါက ၂၄ နာရီ လျှပ်စစ်မီးများနှင့်အတူ ဇလုံတောင်၏ နေ့ရှုခင်းအလှ၊ ညရှုခင်းအလှများကို ခံစားရမှာဖြစ်ပြီး ညအချိန် ဇလုံတော်စေတီတော်ကြီးကိုလည်း ညမီးပူးဇော်၍ ကုသိုလ်ပြုနိုင်သည်။ ဇလုံတောင်ဘုရားဖူးလာ ဓမ္မမိတ်ဆွေများအား ယခုလို ပွင့်လင်းရာသီတွင် ၂၄ နာရီမီးနှင့်အတူ လာရောက်ဖူးမြော်နိုင်မည်ဖြစ်သည်။

 

လူအောင်(ကသာ)