ဗန်းမောက်တွင် အမျိုးသားတစ်ဦးနှင့် နွားတစ်ကောင် ဓာတ်လိုက်သေဆုံး

ဗန်းမောက် ၁၀ ဧပြီ

 


စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့တွင် ဧပြီ ၁၀ ရက် နံနက်ပိုင်းက အမျိုးသားတစ်ဦးနှင့် နွားတစ်ကောင် ဓာတ်လိုက်သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 


ဖြစ်စဉ်မှာ ဧပြီ ၁၀ ရက် နံနက် ၄ နာရီ မိနစ် ၅၀ အချိန်က ဒုရဲအုပ်ဇင်မာဝင်းသည် တာဝန်မှူးဆောင်ရွက်နေစဉ် ဗန်းမောက်ဆေးရုံတွင် အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံး၍ ရောက်ရှိနေကြောင်း သတင်းအရ စခန်းမှူးဒုရဲမှူးလေးမြင့်၊ သက်သေမြနန္ဒာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမင်းမင်းစိုး အဖွဲ့တို့နှင့်အတူ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ ဗန်းမောက်မြို့ မြနန္ဒာရပ်ကွက်နေ ဦးသိန်းမြင့် (ခ) မောင်မြင့် (၅၆)နှစ်ဖြစ်ကြောင်း သိရပြီး စုံစမ်းစစ်ဆေးပေါ်ပေါက်ချက်အရ သေဆုံးသူသည် အဆိုပါနံနက် ၄ နာရီ မိနစ် ၅၀ ခန့်က ထင်းတိုက်ရန်အတွက် နေအိမ်မှနွားလည်းဖြင့် ထွက်ခွာလာစဉ် မြနန္ဒာရပ်ကွက်အထွက် ပန်းပျိုးလက် ကိုယ်ပိုင်အထက်တန်းကျောင်းအနီး လမ်းမပေါ်ရှိ ရေအိုင်ငယ်အား ဖြတ်ကျော်စဉ် ရေအိုင်အတွင်းသို့ ပြတ်ကျနေသော ဓာတ်ကြိုးကြောင့် နွားတစ်ကောင်နှင့်အတူ ဓာတ်လိုက်ခံနေရသဖြင့် အော်ဟစ်သံကြောင့် အနီးဆီဆိုင်ရှိ ဦးအောင်မြမှ သွားရောက်ကြည့်ရှုရာ ဦးသိန်းမြင့်(ခ)ဦးမောင်မြင့်၏ ခန္ဓာကိုယ်ပေါ်တွင် ဓာတ်ကြိုးများ ရစ်ပတ်နေသည်ကိုတွေ့ရသဖြင့် ရပ်ကွက်အတွင်းရှိလူများအား အကူအညီတောင်းခံခဲ့ကြောင်း၊ ရပ်ကွက်အတွင်းရှိလူများမှ လာရောက်ဝိုင်းဝန်းကူညီခဲ့ကြသော်လည်း ဦးသိန်းမြင့်(ခ)ဦးမောင်မြင့်နှင့် နွားထီးတစ်ကောင်မှာ သေဆုံးခဲ့ပြီး အဆိုပါသေဆုံးမှုနှင့်ပတ်သက်၍ ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်/မဟုတ် သိရှိနိုင်ရန်အတွက် ရဲဆေးစာဖြင့် ဗန်းမောက်ဆေးရုံသို့ ပို့ဆောင်စစ်ဆေးခဲ့ကာ ဗန်းမောက်မြို့မရဲစခန်းက အမှုရေးဖွင့် ဆောင်ရွက်ထားကြောင်း သိရသည်။

 


နီတိုး (ဝ၇၈)