ဗန်းမော်မြို့၌ ကချင်ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် လတ်တလော နေရပ်စွန့်ခွာအိမ်ထောင်စုများအား ရာသီသီးနှံများ ထောက်ပံ့

ဗန်းမော် ဖေဖော်ဝါရီ ၂၇

 

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ဗန်းမော်မြို့ရှိ တစ်နိုင်တစ်ပိုင် ရာသီသီးနှံစိုက် တောင်သူများ၏ ထွက်ကုန်များကို ဝယ်ယူခဲ့ပြီး မန်စီမြို့နယ်မှ လတ်တလော အခြေအနေအရ နေရပ်စွန့်ခွာအိမ်ထောင်စုများအား ရာသီသီးနှံများ ထောက်ပံ့ပေးအပ်ခြင်းကို ဖေဖော်ဝါရီ ၂၆ ရက် ညနေပိုင်းက ပေါက်ကုန်းရပ်ကွက်ရှိ သုခဝတီဘုန်းတော်ြကီး ကျောင်းနှင့် ဇေယျသုခဘုန်းတော်ကြီးကျောင်းတို့၌ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်လတ်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ထွန်းတိုးနှင့် အဖွဲ့ဝင်များက မန်စီမြို့နယ် စီခမ်းကြီး၊ စီကော်၊ သံတံတား၊ စီအူ၊ ဟန်ထက်၊ နောင်ဟူး၊ ကုန်းတိမ်၊ မံရ၊ မံသဲ၊ ဂွေ့ကြီး၊ တုံပလွေ၊ နာဇရပ်၊ ဂါးရာယန်တို့မှ လတ်တလောအခြေအနေကြောင့် ဗန်းမော်မြို့တို့ရောက်ရှိလာကြသော နေရပ်စွန့်ခွာ အိမ်ထောင်စုများအား ဆန်၊ ခေါက်ဆွဲခြောက်နှင့် တစ်နိုင်တစ်ပိုင် ရာသီသီးနှံစိုက်ပျိုးတောင်သူများ၏ ရာသီသီးနှံများ ထောက်ပံ့ ပေးအပ်ခဲ့ပြီး နေရပ်စွန့်ခွာ မိသားစုဝင်များအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကား ပြောကြားသည်။

 

အလားတူ ဖေဖော်ဝါရီ ၂၃ ရက်ကလည်း ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက မံစီမြို့နယ်အတွင်းမှ နေရပ်စွန့်ခွာ အိမ်ထောင်စု ၁၅၄ စုအတွက် ပြောင်းရွေ့စရိတ် ၁၅၄ သိန်းကို လည်းကောင်း၊ တစ်လစာ ဆန်ရိက္ခာဖိုးငွေကျပ် ၆,၅၅၂,၀၀၀ ကို လည်းကောင်း၊ ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုးပါ ထောက်ပံ့ရေးပစ္စည်းပုံးများကို လည်းကောင်း ထောက်ပံ့ပေးအပ်ကြောင်းနှင့် ယခုလက်ရှိတွင် မန်စီမြို့နယ် ကျေးရွာများမှ ဗန်းမော်မြို့ရှိ သာသနိက အဆောက်အအုံများနှင့် ဆွေမျိုးနေအိမ်များသို့ ပြောင်းရွှေ့နေထိုင်လာကြသည့် အိမ်ထောင်စုပေါင်း ၂၁၃ စု၊ လူဦးရေပေါင်း ၈၈၆ ဦးရှိကြောင်း သိရှိရသည်။

 

ခရိုင်(ပြန်/ဆက်)