Bubble Tea သောက်ခြင်းနှင့် ကျန်းမာရေး

၁ စက်တင်ဘာ

 

Bubble Tea ကို အိမ်နီးချင်းနိုင်ငံတွေမှာ ဆယ်စုနှစ်များစွာ စွဲစွဲလန်းလန်း သောက်သုံးခဲ့ပြီးနောက် ဒီခေတ်ရေစီးကြောင်းက ကျွန်တော်တို့ မြန်မာနိုင်ငံဆီကိုပါ ရောက်လာခဲ့ပါပြီ။ Bubble Tea နဲ့ ပတ်သက်ပြီး ကြိုက်တဲ့သူတွေကလည်း ကြိုက်သလို ကျန်းမာရေးအရ မကောင်းဘူး၊ ကောင်းတယ်ဆိုပြီး အငြင်းပွားတဲ့သူတွေလည်း များလာတယ်။ ဒီဆောင်းပါးမှာတော့ Bubble Tea က ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်မှုရှိစေနိုင်လဲ ဆိုတာနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။

 

Bubble Tea အကြောင်း

 

ပုံမှန်အားဖြင့်တော့ Bubble Tea ကို အမျိုးအစားခွဲရင် လက်ဖက်ရည်နဲ့ ပုလဲဆိုပြီး ယေဘုယျအားဖြင့် ထွက်လာပါတယ်။ လက်ဖက်ရည်ကတော့ မြန်မာလက်ဖက်ရည်မျိုးမဟုတ်ဘဲ တခြားသော လက်ဖက်ခြောက်တွေကို စစ်ပြီး အချိုကဲထားတဲ့ နွားနို့၊ ခရင်မ်၊ ချိစ်တွေနဲ့ ရောမွှေထားပါတယ်။ ဒီအတိုင်း လက်ဖက်ရည်သီးသန့်မျိုး ရောင်းတာလည်း ရှိပါတယ်။

 

ပုလဲလို့ခေါ်တဲ့ Bubble အလုံးလေးတွေဆိုတာ ပီလောပီနံကနေ လုပ်ထားတာဖြစ်ပြီး ကစီဓာတ် ပါဝင်မှုအလွန်များပါတယ်။ အရသာအားဖြင့် မရှိပေမဲ့ ဝါးစားလို့ကောင်းတဲ့အတွက် သောက်တဲ့သူအများစုက ကြိုက်ရခြင်း ဖြစ်ပါတယ်။

 

Bubble Tea က အာဟာရဖြစ်စေလား။

 

Bubble Tea မှာ ကျန်းမာရေးအရ ကောင်းကျိုးပေးနိုင်တဲ့ ဗီတာမင်၊ အာဟာရဓာတ်တွေ မပါဝင်ပါဘူး။ ဒီအတွက် ကျန်းမာရေးအတွက်ထက်စာရင် ကိုယ်ကြိုက်လို့ အပျော်သောက်တဲ့ အအေးလို့ဆိုရင် ပိုမှန်ပါတယ်။ ကစီဓာတ် ပါဝင်မှုများတဲ့အတွက် ကိုယ်အလေးချိန်ကို ပိုတက်စေနိုင်သလို ဒီကစီဓာတ်က ကိုယ်ခန္ဓာအတွက် သိပ်ပြီးအကျိုးမပြုတဲ့ ကစီဓာတ်တစ်မျိုးဖြစ်ပါတယ်။

 

အမျှင်ဓာတ် လုံးဝမပါဝင်လို့ စားသုံးမှုများရင် ဝမ်းချုပ်တာ၊ အစာမကြေတာ၊ ရင်ပြည့်တာမျိုး ဖြစ်စေနိုင်ပါတယ်။ လက်ဖက်ရည်ကိုယ်တိုင်က ရေဓာတ်ဖြည့်ပေးတယ်ဆိုပေမယ့် Bubble Tea သောက်ပြီးသွားရင်တော့ အာခြောက်စေတဲ့အတွက် ရေပိုပြီး သောက်ချင်စိတ် ဖြစ်စေပါတယ်။

 

ပါဝင်ပစ္စည်းပေါ်မှာလည်း မူတည်ပါတယ်။

 

သမားရိုးကျ Bubble Tea တွေမှာတော့ လက်ဖက်ရည်၊ အချိုကဲထားတဲ့ နို့၊ ခရင်မ်တွေနဲ့ ပုလဲတွေသာ ပါဝင်လို့ အာဟာရတန်ဖိုး များများစားစား မရှိပါဘူး။ နောက်ပိုင်းမှာတော့ ကျန်းမာရေးရှုထောင့်ကနေ ပုံစံပြောင်းပြီး သစ်သီးတွေ ရောကျိတ်ပြီး လုပ်ထားတဲ့ Smoothies မှာ ပုလဲထည့်ထားတာ၊ ခရင်မ်၊ နို့ကို သကြားလျှော့သုံးပြီး အချို အဆိမ့်ပေါ့အောင် လုပ်တာ၊ သစ်သီးကို လှီးစိတ်ပြီး ထည့်ပေးထားတာမျိုးတွေလည်း ရှိပါတယ်။

 

Bubble Tea သောက်လို့ ကျန်းမာရေးအန္တရာယ် ရှိနိုင်လား။

ကျန်းမာရေးအရ အကျိုးကျေးဇူး သိပ်မရှိတဲ့တိုင်အောင် အန္တရာယ်ပေးနိုင်တဲ့ အရာတွေထဲမှာတော့ မပါပါဘူး။ သတိထားဖို့ လိုတာက Bubble ပုလဲတွေဟာ သေချာကြေညက်အောင် မဝါးစားဘဲ မျိုချမိရင်တော့ လည်ချောင်းထဲမှာ နင်တာ၊ အစာရေမျိုလမ်းကြောင်းနဲ့ အာသီးကို ထိခိုက်ပွန်းပဲ့စေတာမျိုး ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် အရွယ်ငယ်သေးတဲ့ ကလေးတွေဆိုရင်တော့ ပုလဲမပါဝင်တဲ့ ရိုးရိုးအအေးပဲ တိုက်တာ ပိုကောင်းပါတယ်။

 

တန်ဆေး၊ လွန်ဘေးကို မမေ့ဖို့။

 

ဘယ်အရာမဆို တန်ဆေး၊ လွန်ဘေးပါပဲ။ ကျန်းမာရေးအတွက် ကောင်းကျိုးရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ Bubble Tea ကြိုက်တဲ့သူတွေကတော့ ဆက်ပြီး သောက်နေဦးမှာပါပဲ။ သောက်တာက ပြဿနာမရှိတဲ့တိုင်အောင် နေ့စဉ်ရက်ဆက် သောက်ရင်တော့ အဆင်မပြေပါဘူးနော်။ တစ်ရက်ကို တစ်ကြိမ်ထက် ပိုမသောက်ဖို့၊ နေ့တိုင်း မသောက်ဖို့ကိုတော့ သတိထားပေးပါ။

 

Bubble Tea မှာတဲ့အခါ အချိုလုံးဝမပါတာ ဒါမှမဟုတ် အချိုလျှော့တာ၊ သို့မဟုတ် သစ်သီးဖျော်ရည်ပုံစံမျိုးကို မှာယူတာက ကျန်းမာရေးအတွက် ပိုကောင်းနိုင်ပါတယ်။ ပုလဲပါမှ သောက်ရတာ အားရတဲ့သူတွေအနေနဲ့ အအေးထဲက ပုလဲကို မဝါးဘဲ မျိုချလိုက်မိတာမျိုး မဖြစ်စေအောင် သေချာဂရုစိုက်ပြီး သောက်သုံးပေးပါ။ Bubble Tea သောက်ပြီးတိုင်း ရေများများ သောက်ပေးပါ။

 

Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyowai Lynn

ရေးသားသူ Ye Myo Myat