ဗုဒ္ဓအကြောင်းသိကောင်းစရာမှတ်တမ်း

ဆရာကြည်

(၂၁-၁၂-၂၀၂၂ ရက်နေ့မှအဆက်)


ထို့နောက်  ဘုရားရှင်သည် အရှေ့နှင့်အနောက် စကြဝဠာတိုက်  အလျားတစ်သောင်းရှိ     အနံ တစ်ဆယ်ယူဇနာရှိသည့်       ရတနာစင်္ကြံကြီးကို ဖန်ဆင်းတော်မူလေသည်။ ဘုရားရှင်သည် ထိုစင်္ကြံ ပေါ်  ကြွမြန်းတော်မူသည်။ လူပရိသတ်တို့သည် အရှေ့၊ အနောက်၊ ဝဲယာ တစ်ဆယ့်နှစ်ယူဇနာမျှစီ ရှိလေသည်။   နတ်ဗြဟ္မာအပေါင်းတို့သည်လည်း အပိုင်းအခြားမရှိ များပြားလှပေသည်။  
ဘုရားရှင်သည် များပြားလှသောလူနတ်ဗြဟ္မာ အပေါင်းတို့၏ အလယ်ကောင်းကင်၌  ရပ်တော်မူ သည်။ ထို့နောက်  ရေမီးအစုံ  ယမိုက်ပြာဋိဟာကို ပြရန်   စတုတ္ထဈာန်ကို   ဝင်စားတော်မူလေသည်။ ဘုရားရှင်သည် ပထမမီးလျှံကိုဖြစ်သော တေဇော ကသိုဏ်းကို အာရုံပြု၍လည်းကောင်း၊ ရေအယာဉ် ဖြစ်သောငှာ  အာပေါကသိုဏ်းကိုလည်းကောင်း၊ အရှိန်အဝါနှင့်  ရောင်ခြည်ခြောက်သွယ်ဖြစ်စေသော နီဟဒီကသိုဏ်းကိုလည်းကောင်း     စသည်တို့ကို အာရုံပြု၍ စတုတ္ထဈာန်ကို ဝင်စားတော်မူလေသည်။ ဘုရားရှင်သည်    ကပိလဝတ်ပြည်၌    ဆွေတော် မျိုးတော်များအား မာနချိုးနှိမ်ရန် ရေမီးအစုံ ယမိုက် ပြာဋိဟာကို ပြသကဲ့သို့ ရတနာစင်္ကြံထက်၌ စင်္ကြံ ကြွတော်မူလျက်ပင် ပြတော်မူလေသည်။ 
ကိုယ်တော်မှထွက်သော  မီးလျှံများသည် ဘဝဂ်တိုင်အောင် တပြောင်ပြောင်တက်၍ ကိုယ်တော် မှထွက်သော   ရေအယာဉ်သည်လည်း  တသွင်သွင် ယိုစီးဖြာလျက်   ကြီးမားသောရေယာဉ်ဖြစ်လာလေ သည်။ ယင်းသို့   ရေမီးအစုံတို့သည်   တသွင်သွင် ပြောင်းလဲ၍  အဆင်ကွဲသဖြင့် အံ့သြ၍မကုန် ရှုမဝ ဖြစ်ကုန်ကြသည်။ ယင်းသို့တန်ခိုးပြာဋိဟာ ပြနေစဉ် တွင် ဘုရားရှင်သည် လောကဝိဝရဏ (လောကကြီး ကိုဖွင့်ပြခြင်း) ကိုပြရန် သြဒါတကသိုဏ်း၌ အာရုံရှိ သော စတုတ္ထဈာန်ကို ဝင်စားတော်မူလေသည်။ 
ထိုအခါ၌ မဟာပထဝီမြေကြီးမှ အကနိဋ္ဌဗြဟ္မာ တိုင်အောင် တစ်ပြင်လုံး အလင်းရောင်ဖြစ်ပေါ်စေ ပြီး    ဟင်းလင်းပြင်ဖြစ်သွားလေသည်။    သို့ဖြစ်၍ လူအပေါင်းတို့သည် မိမိတို့နေရာမှ စတုမဟာရာဇ် နတ်ပြည်မှ  အကနိဋ္ဌဗြဟ္မာပြည်တိုင်အောင်  ကံ အလိုက်ခံစားနေရသူအားလုံး၊ နတ်ဗြဟ္မာအားလုံးတို့ အား မြင်ကြလေသည်။    အောက်မြေပထဝီမြေကြီး၌ ကံအလိုက်ခံစားနေကြရသော ငရဲငယ်မြောက်မြား စွာ    ငရဲကြီးရှစ်ထပ်၌လည်းကောင်း၊   စကြဝဠာ တိုက်ရှိ မှောင်အတိဖြစ်နေသော ဒုက္ခခံစားနေကြ သော (ကံအလိုက်) ငရဲသားများကိုလည်းကောင်း ပကတိမျက်စိဖြင့် မြင်ကြလေသည်။ ဘုရားရှင်သည် ရတနာစင်္ကြံထက်၌ တန်ခိုးပြနေစဉ် လူအပေါင်းတို့ အား ၎င်းတို့စရိုက်နှင့် ကိုက်ညီသောတရားများကို ဟောကြားတော်မူသည်။ ထိုအခိုက်၌ တန်ခိုးပြခြင်း ခေတ္တရပ်နားထားပါသည်။   လူအပေါင်းတို့လည်း   သာဓုကောင်းချီးပေးကြလေသည်။ ဘုရားရှင်သည် ပရိသတ်တို့၏ အပိုအဇ္ဈာသယဓာတ်နှင့် လိုက်လျော သင့်တော်သောတရားဒေသနာကိုလည်း ဟောကြား တော်မူသည်။
ဘုရားရှင်သည်    မေးသူကမေး    ဖြေသူကဖြေ ဟူသောပြဿနာဖြင့်      တရားကိုဟောလိုသည်။ ပရိသတ်လူထဲမှလည်း မေးနိုင်သူမရှိသဖြင့် နိမ္မိတ ဘုရားများ ဖန်ဆင်းပြီး  ပကတိဘုရားက ဖြေကြား၍ နိမ္မိတရုပ်ပွားကို  ပကတိဘုရားရှင်က  မေးသည်။ နိမ္မိတရုပ်ပွားက  ဖြေကြားသဖြင့်  ပြဿနာတို့ကို ရှင်းလင်းလုပ်ပြနေသည်။ နိမ္မိတရုပ်ပွားတော်များ သည် လျောင်း၊ ထိုင်၊ ရပ်၊ သွား လေးပါးတို့ တစ်ပါးစီ လုပ်ပြလျက် တည်ရှိကြကုန်သည်။ 
ဘုရားရှင်သည်       သတ္တဝါတို့၏စရိုက်နှင့် လျော်ညီစွာ တရားများကို ဟောကြားသောကြောင့် လူ၊ နတ်၊ ဗြဟ္မာ၊  သတ္တဝါအပေါင်းတို့သည်   သစ္စာ လေးပါးကိုသိမြင်၍   ကျွတ်တမ်းဝင်ကြကုန်လေ သည်။ 
ဘုရားရှင် တာဝတိံသာနတ်ပြည်သို့ ကြွတော်မူခြင်း
ဘုရားရှင်သည် တန်ခိုးပြာဋိဟာကို ပြတော် မူပြီးနောက်    ရှေးဘုရားများကဲ့သို့  တာဝတိံသာ နတ်ပြည်သို့ကြွတော်မူ၍ မယ်တော်မိနတ်သားအား အဘိဓမ္မာတရားဟောကြားရန်         ဆင်ခြင်မိလေ သည်။ 
ဘုရားရှင်သည် ဝါဆိုလပြည့်နေ့ ညချမ်းချိန်ခါ ၌ တာဝတိံသာနတ်ပြည်သို့  ကြွတော်မူလေသည်။ ယင်းကြွတော်မူရာ၌ လက်ယာတော်ခြေတော်ကို မြှောက်၍ ယုဂန္ဓိုရ်တောင်သို့  ခြေချအံ့ဟု ရည်ရွယ် သည်။ ထိုအခါ၌  ယူဇနာလေးသောင်းနှစ်ထောင် မြင့်သော ယုဂန္ဓိုရ်တောင်သည် အလိုလိုကိုင်းညွတ်၍ ဘုရားရှင်ခြေဖဝါးတော်အောက်သို့     ရောက်လာ သည်။ တစ်ဖန်  ရှစ်သောင်းလေးထောင်မြင့်သော မြင်းမိုရ်တောင်သည်  ကိုင်းညွတ်၍   လက်ဝဲခြေ အောက်သို့ရောက်လာလေသည်။     ဤသို့ဖြင့် ဘုရားရှင်သည် လူ့ပြည်မှ တာဝတိံသာနတ်ပြည်သို့ ခြေနှစ်လှမ်းဖြင့် ရောက်သွားလေသည်။ 
သိကြားမင်းသည်   ဘုရားရှင် ကြွလာမည်သိ၍ သူ၏နတ်မှူးတို့နှင့်တကွ ဘုရားရှင်ကို ကြိုဆိုကြ လေသည်။  သိကြားမင်းသည်  ဘုရားရှင်တာဝတိံသာ နတ်ပြည်၌ ဝါကပ်တော်မူမည်ဟုထင်၍  ပင်လယ် ကသစ်ပင်ရင်းရှိ   ပဏ္ဍုကမ္ဗလာမြကျောက်ဖျာကြီး၌ ဝါတွင်းသုံးလပတ်လုံး    သီတင်းသုံးရန်      ရည်ရွယ် သည်။    ယင်းပဏ္ဍုကမ္ဗလာမြကျောက်ဖျာသည် အလျားယူဇနာ  ၆၀ နှင့်  အနံယူဇနာ  ၅၀  ရှိသည်။ သို့သော် ဘုရားရှင်အတွက်  အလွန်ကျယ်နေမည့် ဆန်ကောထဲ စာဝတီးငှက် နားနေသည့်ပမာ ဖြစ်ခြေ မည်ဟု အကြံဖြစ်လေသည်။ 
ဘုရားရှင်ကလည်း  သိကြားမင်း၏အကြံကို သိတော်မူ၍     မိမိ၏ဒုကုဋ်နှစ်ထပ်သင်္ကန်းကို လွှမ်းလေသော် သင်္ကန်းတစ်ခုလုံးသည် ကျောက်ဖျာ တစ်ခုလုံးကို  လွှမ်းခြုံမိလေသည်။   ထို့နောက် ဘုရားရှင်သည် ကျောက်ဖျာထက် ထိုင်တော်မူသော် ကျောက်ဖျာတစ်ခုလုံးသည် ဘုရားရှင်တင်ပျဉ်ခွေ အတွင်း၌  ရှိလေသည်။  ဘုရားရှင် တာဝတိံသာ နတ်ပြည်သို့ ကြွသွားသဖြင့်  လူ့ပြည်မှ  လူအားလုံး သည်  တန်ခိုးပြာဋိဟာပြရာမှ   ပျောက်သွား၍ ဘယ်သို့သွားပါသနည်းဟု တန်ခိုးရှင်  အရှင်မဟာ မောဂ္ဂလ္လာန်အား    လျှောက်ထားမေးမြန်းကြလေ သည်။ 
အရှင်မဟာမောဂ္ဂလ္လာန်သည်     သူသိသော် လည်း နတ်မျက်စိကဲ့သို့ မြင်တတ်သော ဘုရားရှင်မှ တစ်ပါး    ဧတဒဂ်ရထားသော   အရှင်အနုရုဒ္ဓါအား ၎င်း၏ဂုဏ်ကိုမြင်ရန် လူအပေါင်းတို့အား မေးကြ လော့ဟု  ဦးတည်ပေးလိုက်သည်။ ဘုရားရှင်သည်   တာဝတိံသာနတ်ပြည် ပဏ္ဍုကမ္ဗလာမြကျောက်ဖြာ ၌ ဝါတွင်းသုံးလပတ်လုံး သီတင်းသုံး၍ မယ်တော် မိနတ်သားအား အဘိဓမ္မာတရားတော် ဟောတော်မူ ရန်ကြွသွားကြောင်း အရှင်အနုရုဒ္ဓါက ဖြေကြားတော် မူလေသည်။   ထိုအခါ   လူတို့သည် ဘုရားရှင်အား မဖူးမြင်ရလျှင် မပြန်ဟူ၍ဆိုကာ    သာဝတ္ထိပြည်အနီး တွင်   သစ်ခက်တဲမဏ္ဍပ်များထိုး၍ နေကြလေသည်။ ၎င်းတို့အတွက် ကောင်းကင်ကြီးသည်  အမိုးဖြစ်၍  မြေကြီး၌ပင်    အိပ်ရလေသည်။     ဘုရားရှင်အား ကြည်ညိုသဒ္ဓါရှိကြသောကြောင့်    ၎င်းတို့သည် မြေပြင်ကသန့်ရှင်း၍     လူတို့လည်း    အနာရောဂါ ဝေဒနာမစွဲကပ်ကြချေ။ 
ဘုရားရှင်က    ရှေးယခင်ကပင်    အရှင်မဟာ မောဂ္ဂလ္လာန်အား ဤပရိသတ်ကို တရားဟောပေးရ မည်။  စူဠအနာထပိဏ်သူဌေးက   ဤလူအပေါင်း ပရိသတ်အား   ကျွေးမွေးထားရမည်ဟု   မှာထားပြီး ဖြစ်သည်။ ဤသို့မိန့်သည့်အတိုင်း အရှင်မောဂ္ဂလ္လာန် က တရားဟောသည်။  ၎င်းပရိသတ်ကြီးအား  စူဠ အနာထပိဏ်သူဌေးက ကျွေးမွေးထားရလေသည်။ ဝါတွင်းသုံးလပတ်လုံး နေရလေသည်။ 
အင်္ကုရနှင့် ဣန္ဒကနတ်သားနှစ်ပါး၏ ရှေးကံကွာဟပုံ
ဘုရားရှင်သည်   ပဏ္ဍုကမ္ဗလာမြကျောက်ဖျာ ထက်တွင်  သီတင်းသုံးနေတော်မူသည်။ ထိုအခါ တာဝတိံသာနတ်ပြည်၌ ဘုရားရှင်ကြွလာသည်တွင် နတ်အပေါင်းတို့သည် အုတ်အုတ်ကျက်ကျက်ဖြင့် ကြွေးကြော်နေကြပါသည်။ ထို့ကြောင့် အထက် အထက် နတ်ဘုံ၊ ဗြဟ္မဘုံတို့မှ နတ်ဗြဟ္မာအပေါင်း တို့သည် ဤသို့ဘုရားရှင်၏သတင်းကို   ကြားရ၍ ဘုရားရှင်၏မယ်တော်ဖြစ်ခဲ့ဖူးသော    သန္တုဿိတ နတ်သားနှင့်အတူ တရားနာရန်လာကြကုန်သည်။ ထို့အပြင်   အခြားသောစကြဝဠာတိုက်အတွင်းရှိ နတ်အပေါင်းတို့လည်း လာကြပါသည်။ 
နတ်ဗြဟ္မာအပေါင်းသည် ဘုရားရှင်အား ဝိုင်းရံ လျက်နေကြသည့်အခါ၌ ၎င်းမှထွက်သော အလင်း ရောင်ကို ဘုရားရှင်၏ ရောင်ခြည်ခြောက်သွယ်မှ လွှမ်းမိုးထားလေသည်။    ဤသို့ပရိသတ်အလယ် ဘုရားရှင်လက်ယာဘေးတွင် မယ်တော်မိနတ်သား နေ၍   ၎င်းအနီး၌   တန်ခိုးကြီးမားသော  ဣန္ဒက နတ်သားနေသည်။  ဘုရားရှင်၏   လက်ဝဲဘက်၌ အင်္ကုရနတ်သားနေလေသည်။ ထိုသို့တန်ခိုးကြီးမား သောနတ်ဗြဟ္မာတို့ ရောက်ကြသောအခါ၌ အင်္ကုရ နတ်သည်       တဖြည်းဖြည်းဘုရားရှင်အနီးမှ နောက်ဆုတ်ခဲ့ရာ (၁၂) ယူဇနာ ဝေးသောနေရာသို့ ရောက်လေသည်။ ဣန္ဒကနတ်သားသည် ၎င်း၏ နေရာမှမရွေ့ဘဲ နေလေသည်။ 
ဘုရားရှင်သည် အလှူခံပုဂ္ဂိုလ်နှင့် အလှူခံ ဝတ္ထုအပေါ် မူတည်၍ သာသနာတော်တွင်း၌ အကျိုး ခံစားရပုံကို  ဤနတ်သားနှစ်ဦးကြည့်၍  သိစေရန် အမေးများဖြင့် မေးတော်မူလေသည်။ ဘုရားရှင် သည် အင်္ကုရနတ်သားကိုခေါ်၍ ရှေးယခင် လူ့ဘဝ က သင်သည် မဇ္ဈိမဒေသကို  အုပ်ချုပ်သောမင်း ဖြစ်ဖူးသည်။ အနှစ်တစ်သိန်း  ကာလပတ်လုံး   ၁၂ ယူဇနာရှိသော     ခုံလောက်ကိုသာ၍    အလှူကြီး ပေးလှူခဲ့သည်မဟုတ်လောဟု မေးသည်။ 
(ဆက်လက်ဖော်ပြပါမည်)