ဗုဒ္ဓအကြောင်းသိကောင်းစရာမှတ်တမ်း

ဆရာကြည်

(၂-၇-၂၀၂၃ ရက်နေ့မှအဆက်) 

အရှင်အာနန္ဒာက ဘုရားရှင်အား သွားရောက် ပင့်ဆောင်ခြင်း

ဝါကျွတ်သောအခါ ရဟန်းတို့သည် အရှင်အာနန္ဒာအနားသို့ကပ်၍ ဘုရားရှင်အား သွားရောက်ပင့်ပေးရန် လျှောက်ထားကြသည်။ သာဝတ္ထိပြည်မှ အနာထပိဏ်၊ ဝိသာခါစသော ဒါယကာ၊ ဒါယိကာမ တို့ကလည်း ဘုရားရှင် ပလလဲတောတွင် တစ်ပါး တည်းသီတင်းသုံးသည်ကို ကြားသိရ၍ အရှင်အာနန္ဒာအား ဘုရားရှင်အားပင့်ဆောင်ရန် တမန်တော်စေလွှတ်၍ လျှောက်ထားကြလေသည်။

အရပ်လေးမျက်နှာရှိကြသော ရဟန်းများသည် ဝါကျွတ်သော် အရှင်အာနန္ဒာသို့ ချဉ်းကပ်၍ ဘုရားရှင်၏ တရားတော်များကို မနာရသည်မှာ ကြာနေပြီ ဖြစ်သောကြောင့် တရားစကားနာလိုသဖြင့် ပင့်ဆောင်ပေးရန် လျှောက်ထားကြကုန်သည်။ အရှင်အာနန္ဒာလည်း ရဟန်းငါးရာတို့နှင့်အတူ ပလလဲတောသို့ ကြွလေသည်။

ဤတောအုပ်သို့ရောက်သောအခါ အရှင်အာနန္ဒာသည် ဘုရားထံသို့ ရဟန်းငါးရာနှင့်သွားရန် မသင့်တော်၍ သူသည် ရဟန်းတို့အား တောစပ်တွင် ထားခဲ့ပြီး တစ်ပါးတည်းသွားလေသည်။ ပလလဲ ဆင်မင်းသည် ဘုရားရှင်အနားတွင်နေသောကြောင့် အရှင်အာနန္ဒာကို မြင်လေသော် ရန်သူထင်၍ ထင်းချောင်းကြီးကို နှာမောင်းဖြင့်ကိုင်လျက် ပြေးလာလေသည်။ ယင်းအဖြစ်ကို ဘုရားရှင်မြင်၍ ပလလဲဆင်အား တားမြစ်လေသည်။ ရန်သူမဟုတ်၊ ဘုရား၏အလုပ်အကျွေးပြုသည့် ရဟန်းဖြစ်ကြောင်း မိန့်မြွက်သည်။ ယင်းစကားကိုကြားရသော ပလလဲဆင်သည် အရှင်အာနန္ဒာအား ခရီးဦးကြိုပြုလေ သည်။ အရှင်အာနန္ဒာလည်း ဘုရားရှင်အား ဖူးမြော်ကန်တော့လေသည်။ ဘုရားရှင်က သင်တစ်ပါး တည်းလာသလားမေးသော် အရှင်အာနန္ဒာက ဘုရားရှင်၏စိတ်အလိုကို မသိရ၍ တောအုပ်စပ်တွင် ရဟန်းငါးရာထားခဲ့ကြောင်း လျှောက်ထားသည်။ ထိုအခါ ဘုရားရှင်က ရဟန်းငါးရာကို သွားခေါ်စေရန် ခွင့်ပြုလိုက်လေရာ အရှင်အာနန္ဒာလည်း ရဟန်းတို့ကို သွားရောက်ပင့်ဆောင်လေသည်။

ရဟန်းငါးရာသည် ဘုရားရှင်အား ရိုသေစွာ ရှိခိုးကန်တော့ကြသည်။ ထို့နောက် ရဟန်းတို့က ဘုရားရှင်အား တစ်ပါးတည်း ဤတောတွင် သီတင်းသုံးနေရ၍ ခဲယဉ်းမှုရှိပေမည်။ ဝတ်ကြီး၊ ဝတ်ငယ် ပြုမည့်သူမရှိ၍ ပင်ပန်းမည်ဖြစ်ကြောင်း လျှောက် ထားလေသည်။ ဘုရားရှင်က သူ့အားဝတ်ကြီး ဝတ်ငယ်ပြုစုသော ပလလဲဆင်ရှိကြောင်းကို မိန့်ကြားပြီး ဤကဲ့သို့သော အဖော်ကောင်း အဖော် သဟဲကောင်းရှိပါက အတူနေသင့်ကြောင်း၊ မရှိသော်လည်း တစ်ပါးတည်းသာနေသင့်ကြောင်း ယင်းအကြောင်းအရာများနှင့်စပ်လျဉ်း၍ သုံးဂါထာဖြင့် တရားဟောလေသည်။ ဤတရားကို နာကြရသော ရဟန်းငါးရာတို့သည် ရဟန္တာဖြစ်ကြကုန်သည်။

အရှင်အာနန္ဒာသည် အကြားအကျန်မရှိရန် ဘုရားရှင်အား အနာထပိဏ်သူဌေး၊ ဝိသာခါတို့လည်း တမန်စေလွှတ်၍ ပင့်လျှောက်ခိုင်းကြောင်းကို လျှောက်ထားသည်။ ဘုရားရှင်သည် သပိတ်သင်္ကန်းကိုယူ၍ ပလလဲတောမှ ကြွတော်မူသည်။ ဘုရားရှင် တို့ကြွမည့်လမ်း၌ ပလလဲဆင်သည် ကန့်လန့်ရပ်၍ ဖီလာရပ်နေလေသည်။

ထိုအခြင်းအရာကိုမြင်ကြသော ရဟန်းတို့က ဘုရားရှင်အား လျှောက်ထားကြကုန်သည်။ ဘုရားရှင်က ဤဆင်သည် ရဟန်းတို့အား ဆွမ်းကိုလှူဒါန်းလို၍ ဤသို့ပြုသည်ဟု မိန့်မြွက်သည်။ ထို့အပြင် ဘုရားရှင်သည် ဆင်၏ ပြုစုလုပ်ကျွေးမှုခံယူပြီး ယခုမူ သူ့စေတနာသဒ္ဓါတရားကို မဖျက်ဆီးလို၊ ဤတောတွင် ပြန်လှည့်နေကြလေသည်။ ဆင်မင်း သည် တောထဲသို့ဝင်၍ ပိန္နဲသီး၊ ငှက်ပျောသီး အစရှိသော သစ်သီးမျိုးစုံ စားသောက်ဖွယ်ရာများကို ယူဆောင်၍ နောက်တစ်နေ့၌ ဘုရားရှင်နှင့် ရဟန်း တို့အား ဆက်ကပ်လှူဒါန်းသည်။ ရဟန်းတို့လည်း ဤဆင်မင်းလှူသည့် သစ်သီးများစွာတို့ကို ဘုဉ်းပေး ၍ မကုန်ပါပေ။ 

ဆွမ်းကိစ္စပြီးသော် ဘုရားရှင်သည် ရဟန်းတို့ နှင့်အတူ တောအုပ်မှကြွလေသည်။ ထိုအခါ ဆင်မင်းကြီးသည် ရဟန်းတို့ကြားမှဖြတ်၍ ဘုရားရှင်တည့်တည့်တွင်ရပ်သည်။ ရဟန်းတို့က ဤအဖြစ်ကို ဘုရားရှင်အား မေးလျှောက်သည်။ ဘုရားရှင်က ဆင်မင်း၏သဘောကိုသိသည်။ ဆင်မင်းသည် ဘုရားရှင်တစ်ပါးတည်းနေခဲ့၍ ဤရဟန်းများအား ပြန်လွှတ်စေသောကြောင့် ဤသို့ပြုကြောင်း ရဟန်းတို့အား မိန့်ကြားသည်။ 

ဘုရားရှင်က ဤသို့မတားနှင့်ဟု ပါလိလေယျက ဆင်မင်းအား ပြောကြားပြီး သင်အဖို့က ဤဘဝ၌ ဈာန်မဂ်ဖိုလ်ရနိုင်သော အကြောင်းတရားမရှိ၊ သင်နေရစ်လော့ဟူ၍ မိန့်ကြားသည်။ ဆင်မင်းသည် ယင်းသို့သော ဘုရားထံမှ စကားကိုကြားရလျှင် သူ၏နှာမောင်းကို ခံတွင်းသို့သွင်း၍ ငိုကြွေးပြီး နောက်မှလိုက်လေသည်။ ပါလိလေယျကရွာ၏ ဥပစာသို့ရောက်သောအခါ ဘုရားရှင်က ဆင်မင်းအား ဤနေရာသည် သင်၏ကျက်စားရာနေရာ မဟုတ်၊ လူတို့၏နေရာဖြစ်၍ သင်၌ ဘေးအန္တရာယ်များသည်။ သင်နေရစ်လော့ဟု မိန့်မြွက်လေသည်။ ဘုရားရှင်၏နောက်ဆုံးစကားကို ကြားပြီးနောက် ဆင်မင်းသည် ရပ်လျက်ငိုကြွေးပြီး ဘုရားရှင်ကို ဖူးမြင်ရသည့် မျက်စိတစ်ဆုံးတွင် နှလုံးကွဲကာ နေရာ၌ သေဆုံးလေသည်။ 

ဆင်မင်းသည် ဘုရားရှင်ကို ကြည်ညိုရသော ကုသိုလ်ကံကြောင့် သေလွန်ပြီးနောက် တာဝတိံသာ နတ်ပြည်၌ ပါလိလေယျကအမည်ဖြင့် နတ်သား ဖြစ်လေသည်။

ကောသမ္ဗီရဟန်းများ ဘုရားရှင်အား ဝန်ချ တောင်းပန်ကန်တော့ကြခြင်း
ဘုရားရှင်သည် ရဟန်းငါးရာနှင့်အတူ အစဉ်အတိုင်း ဒေသစာရီကြွတော်မူခဲ့ရာ သာဝတ္ထိပြည် စေတနာဝန်ကျောင်းတော်သို့ ရောက်လေသည်။ ဘုရားရှင် ဇေတဝန်ကျောင်းတော်သို့ ရောက်ပြီ ဟူသောသီတင်းကို ကြားရသော ကောသမ္ဗီရဟန်း တို့သည် သာဝတ္ထိပြည်သို့ ဘုရားရှင်အား ရှိခိုးကန်တော့တောင်းပန်ရန် ကြွရောက်လေသည်။ ထိုအခါ၌ သာဝတ္ထိပြည်မှ ကောသလမင်းကြီး၊ အနာထပိဏ်သူဌေး၊ ဝိသာခါစသော ဒါယကာ၊ ဒါယိကာမတို့သည် ဘုရားရှင်အား လာရောက် ဖူးမြော်ကန်တော့ကြသည်။ ပဋိသန္တာရစကားဖြင့် ဝမ်းမြောက်စကားများကို လျှောက်ထားကြလေသည်။ 

ထို့နောက် ကောသမ္ဗီရဟန်းများ သာဝတ္ထိပြည် သို့ရောက်လာပြီး သီတင်းကို ကြားရသောအခါ ကောသလမင်းကြီးသည် ဘုရားရှင်အား ကောသမ္ဗီ ရဟန်းများအား သာဝတ္ထိပြည်အတွင်းသို့ ဝင်ခွင့်မပြုလိုကြောင်း လျှောက်ထားသည်။ ဘုရားရှင်က ဤကောသမ္ဗီရဟန်းများသည် သီလနှင့် ပြည့်စုံသူများဖြစ်သည်။ သူတို့သည် မိမိစကားကို နားမထောင် ဘဲနေခြင်းသာ အပြစ်ရှိသည်။ ယခု၌ ၎င်းတို့ မိမိအား လာရောက်ပြီး တောင်းပန်ကန်တော့ကြသည်ဖြစ်၍ ဝင်ခွင့်ပြုရန် မိန့်ကြားတော်မူသည်။ 

အနာထပိဏ်သူဌေးကြီးကလည်း ဤကောသမ္ဗီ ရဟန်းများအား ဤကျောင်းဝင်းသို့ ဝင်ခွင့်မပြုလိုကြောင်းဟု လျှောက်ထားသည့်အတွက် ဘုရားရှင်က တားမြစ်တော်မူရလေသည်။ ဘုရားရှင်သည် ကောသမ္ဗီရဟန်းတို့အား ကျောင်း၏ အစွန်အဖျား၌ နေရာထိုင်ခင်းပေး၍ အနားယူစေသည်။ 
သာဝတ္ထိပြည်မှ ရဟန်းများအနက် ခိုက်ရန်ဖြစ်ကြသော ရဟန်းတို့ကား ဘယ်ရဟန်းများပါလဲ ဟူ၍ ဘုရားရှင်အား မေးမြန်းလျှောက်ထားကြလေသည်။ ဘုရားရှင်ကလည်း ဤသူများပင် ဖြစ်ကြောင်း ကောသမ္ဗီရဟန်းတို့အား ပြသလေသည်။ ဘုရားစကားနားမထောင် ခိုက်ရန်ဖြစ်ပွားသည့် ရဟန်းတို့သည် ဤသူများပဲဟူ၍ လဇ္ဇီရဟန်း ကောင်းတို့က လာတိုင်းလာတိုင်း လက်ညှိုးထိုး စွပ်စွဲပြောဆိုကြကုန်သည်။ 

ကောသမ္ဗီရဟန်းတို့သည် ဦးခေါင်းမဖော်ဘဲ အရှက်ရကြသည်။ ဘုရားရှင်၏ ခြေတော်ရင်း၌ ဝပ်ဆင်း၍ နေကြသည့်အပြင် သူတို့သည်းခံတော့ မည်ဖြစ်ကြောင်း ဘုရားရှင်အား လျှောက်ထားလေသည်။ ဘုရားရှင်က ရဟန်းတို့အား သင်တို့သည် ဘုရားထံ၌ ရဟန်းပြုပြီး ဒိဋ္ဌဓမ္မစကားကို လိုက်နာခြင်း မရှိသောကြောင့် ယခု၌ ဒိဋ္ဌဓမ္မ ပြစ်တင်ရှုတ်ချခံ ရသည်။ သေလွန်သောအခါ အပါယ်ငရဲ၌ ခံစား ရတတ်သည်။ မိမိ၏ သာသနာတော် ဝင်လာသူတို့သည် အမျက်ဒေါသကို ဖယ်ကြလော့ဟု စသည်ဖြင့် ကောသမ္ဗီဇာတ်(ဒီဃာဝုမင်းသားဝတ္ထု) ကို အကျယ်တဝင့် ဟောကြားတော်မူသည်။ 

ထိုတရားကို ကောသမ္ဗီရဟန်းများ နာကြားရပြီးသော် သောတာပန်ဖြစ်ကြလေသည်။

ဒက္ခိဏာဂီရိ နာဠရွာ၌ ဧကာဒသမဝါကပ်ခြင်း ဘုရားရှင်၏ နက်နဲသောတရားများကို နာကြား၍ ကာသိဘာရဒွါဇပုဏ္ဏားကြီးရဟန်းပြုခြင်း
ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ ချေချွတ်ရမည့် သတ္တဝါများ ရှိသလောက် သီတင်းသုံးပြီးနောက် ခရီးဒေသစာရီ ကြွတော်မူလေသည်။ မဂဓတိုင်း ရာဇဂြိုဟ်ပြည်ကို ပတ်ရံ၍တည်သောတောင်၏ တောင်ဘက်၌ တည်ရှိသော “ဒက္ခိဏာဂီရိ” မည်သော ဇနပုဒ် တိုက်နယ်သို့ ဘုရားရှင် ရောက်တော်မူလေသည်။ ဤတိုက်နယ်တွင် “ဧကနာဠ” အမည်ရှိ ပုဏ္ဏားရွာ လေးရှိသည်။ ဘုရားရှင်သည် ၎င်းရွာကို ဆွမ်းခံရွာ အဖြစ် အမှီပြု၍ ဒက္ခိဏာဂီရိအမည်ရှိသော ကျောင်းတွင် တစ်ဆယ့်တစ်ဝါမြောက် ဝါကပ်သီတင်း သုံးတော်မူသည်။ 

ဘုရားရှင်သည် ဤသို့ဖြင့် သီတင်းသုံးနေစဉ် တစ်နေ့သောမိုးသောက်ယံ နံနက်အချိန်၌ ဘုရားရှင်တို့၏ ဓလေ့အတိုင်း ယနေ့မည်သူ့အား ချေချွတ်ရမည်နည်းဟု ဆင်ခြင်တော်မူသည်။ ထိုအခါ ဤသတ္တလောကကြီးကိုကြည့်သော် ဧကနာဠရွာ၌ နေသော “ကာသိဘာရဒွါဇ” အမည်ရှိသည့် ပုဏ္ဏား လယ်သမားကြီးကို မြင်လေသည်။ ယင်းပုဏ္ဏား သည် ဘုရားရှင်၏တရားကို နာကြားပြီး ရဟန်းပြု ၍  ရဟန္တာဖြစ်မည်ကို ဘုရားရှင်က ဆင်ခြင်မိလေသည်။ ထို့ကြောင့် ဘုရားရှင်သည် ဆွမ်းခံထွက်မည့် အချိန်ကို စောင့်ဆိုင်းနေသည်။

(ဆက်လက်ဖော်ပြပါမည်)