ဆရာကြည်
(၂၉-၁၂-၂၀၂၄)ရက်နေ့မှအဆက်
ဝိသာခါသူဌေးမကြီးသည် သူ၏သားသမီးများ ကလည်း ကျန်းမာရေးကောင်း၏။ အသက်ရှည်သည်။ ထို့ကြောင့် ၎င်းအား အလွန်မင်္ဂလာရှိသော အမျိုးသမီးကြီးသူဌေးကတော်ဟု လူတိုင်းက အသိအမှတ်ပြုကြလေသည်။ သာဝတ္ထိပြည်သူပြည်သားများကလည်း အလှူလှူဒါန်းတိုင်း ဝိသာခါသူဌေးမ ကြီးကို အမြဲဖိတ်ကြားသည်။ တစ်နေ့သ၌ ပွဲလမ်းသဘင်တစ်ခုတွင် ဖိတ်ကြားသည့်အရပ်၌ ဧည့်ခံ ကျွေးမွေးသည်ကို စားသောက်ပြီးနောက် မဟာလတာတန်ဆာကြီးကို ဆင်ယင်လျက်လူအပေါင်းနှင့် ကျောင်းတော်သို့ ဝိသာခါသူဌေး ကတော်ကြီး သွားလေသည်။ သူသည် ကျောင်းတော်သို့ရောက်သောအခါ သူ၏မဟာလတာတန်ဆာကို အပေါ်ရုံဖြင့် ထုပ်လျက် သူ၏ကျွန်မအား ဤအထုပ်ကိုယူခဲ့ဟု ပေးထားလေသည်။ သူသည် သူ့ယောက္ခမပေးထားသော ပေါ့ပါးသည့် “ဃနမဋ္ဌ” တန်ဆာကိုဝတ်လျက် ဘုရားရှင်ထံသို့သွား၍ တရားနာလေသည်။ တရားနာပြီးသောအခါ သူသည် ဘုရားရှင်အားဦးချပြီး ထ၍ပြန်လာခဲ့သည်။
သူ၏ကျွန်မသည် သူအပ်ထားသော “မဟာ လတာတန်ဆာ” ထုပ်ကိုမေ့၍ ကျောင်းတော်၌ထားခဲ့သည်။ ဤသို့တရားနာ၍ တရားနာပုဂ္ဂိုလ်တို့၏ မေ့ကျန်ခဲ့သည့်ပစ္စည်းများကို အရှင်အာနန္ဒာက သိမ်းဆည်း ထားလေ့ရှိသည်။
ထို့ကြောင့် အရှင်အာနန္ဒာက ဝိသာခါ၏ မေ့ကျန်ခဲ့သော “မဟာလတာတန်ဆာ”ကို ကောက်၍ စောင်းတန်း တစ်ဖက်တွင် ချိတ်ဆွဲသိမ်းထားလေသည်။ ဝိသာခါသည် ကျောင်းမှထွက်လာပြီး ကျောင်းကိုလှည့်ပတ်လျက် သာမဏေ၊ ရဟန်းတို့ကို ကြည့်ရှုကာ ပြုစုလုပ်ကျွေးလျက်ရှိသည်။ ကျောင်း ဥပစာ၌ရပ်လျက် သူ၏ကျွန်မအား အပ်ထားသော မဟာလတာတန်ဆာကို ငါ့ကိုပေးလော့ဟု တောင်းသည်။ ထိုအခါ၌ ကျွန်မသည် ယင်းပစ္စည်းမှာ ကျောင်းတွင် မေ့ကျန်ခဲ့ကြောင်းပြောသည်။ ထိုအခါ ကျွန်မအား “ယခုသွားယူလော့၊ ဒါပေမဲ့ ဤပစ္စည်းကို ရှင်အာနန္ဒာက မ,ချီ ထိန်းသိမ်းထားလျှင် မယူလင့်။ အရှင်မြတ်အားသာ ထိုတန်ဆာကို စွန့်လှူပြီးဖြစ်၏” ဟု ဆိုလေသည်။
ကျွန်မသည် ဝိသာခါဆိုသည့်အတိုင်း လုပ်၍ပြန်လာခဲ့သည်။ ဝိသာခါသည် ကျွန်မထံမှအကြောင်းစုံ သိရသောအခါ ဤတန်ဆာကိုရောင်းပြီး လှူဒါန်းအံ့။ သွားပြန်ယူလော့ဟု သူ့ကျွန်မကိုခိုင်းသည်။ ကျွန်မလည်း တန်ဆာကိုသွားယူပြီး ဝိသာခါအား အပ်လေသည်။
ဝိသာခါသည် ဤတန်ဆာကို မဝတ်ဆင်တော့ဘဲ ကိုးကဋေတန်သည့် ဤပစ္စည်းကို လှည့်လည် ရောင်းချစေသည်။ ဝယ်နိုင်မည့်သူ တစ်ဦးတစ်ယောက်မျှမရှိ၍ သူကိုယ်တိုင် တန်ဖိုးဖြတ်ဝယ်သည်။ ထို့နောက် ဘုရားရှင်ထံသို့သွား၍ ထိုပစ္စည်းအားလုံးကို ဘယ်သို့လှူဒါန်းရပါမလဲဟု မေးလျှောက်လေသည်။
ဘုရားရှင်က “ဝိသာခါ မြို့တံခါးဝ၌ သံဃာ အပေါင်းနေထိုင်ရန် ကျောင်းကို ဆောက်သင့်၏” ဟု မိန့်တော်မူလေသည်။
ဝိသာခါသည် ကျောင်းဆောက်လုပ်ရန် မြေကိုကိုးကုဋေဖြင့်ဝယ်သည်။ တန်ခိုးရှင် အရှင်မောဂ္ဂလ္လာန်၏ အကူအညီဖြင့် ကြီးကျယ်လှသည့် ပြာသာဒ်၊ ကျောင်းတော်ကြီးကို ဆောက်လုပ်စေသည်။ ဤမြေ နေရာအပြည့် ကျောင်းပေါင်းများစွာ ဆောက်လုပ်သည်။ ဆောက်လုပ်ပြီးသွားသော ကျောင်းများကို “ပုဗ္ဗာရုံကျောင်းတိုက်”ဟု အမည်ပေးလေသည်။
ဘုရားရှင်သည် ဤပုဗ္ဗာရုံကျောင်းဆောက်လုပ်သည့်နေ့မှစ၍ ဘဒ္ဒိယမြို့ စသည်တို့သို့ ဒေသစာရီ ကြွချီတော်မူသည်။ ကျောင်းဆောက်လုပ်ရာတွင် ကိုးလကြာ၌ပြီးသည်။ ယင်းကျောင်းဆောက်လုပ်ပြီးမှ ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းသို့ ပြန်ရောက်လေသည်။ ဝိသာခါကျောင်းအစ်မကြီးသည် ဘုရားရှင်ထံသို့သွား၍ ဤမိုးလေးလပတ်လုံး ရဟန်းတို့ကိုခေါ်တော်မူ၍ ဤပုဗ္ဗာရုံကျောင်းတိုက်၌ သီတင်းသုံးတော်မူပါ။ ထိုကျောင်းရေစက်ချပွဲကြီးကို ကျင်းပမည်ဖြစ်ကြောင်း လျှောက်ထားလေသည်။ ဘုရားရှင်ကလည်း လက်ခံတော်မူလိုက်သည် နှင့်တစ်ပြိုင်နက် မိုးလေးလပတ်လုံး အလှူကြီး ပေးလှူလေသည်။
နောက်ဆုံး၌ လေးလပြည့်သည့် တန်ဆောင်မုန်းလပြည့်နေ့တွင် ဘုရားရှင်နှင့်ရဟန်းအပေါင်းတို့အား တစ်ထည်လျှင် တစ်ထောင်တန်သည့် သင်္ကန်းတို့ကိုလှူဒါန်းသည်။ ရဟန်းအားလုံးတို့အား သပိတ်အပြည့် စတုမဓုဆေးများကို လှူဒါန်းလေသည်။
ဝိသာခါသည် ရေစက်ချပွဲပြီးသည့်နောက် ညချမ်းအချိန်တွင် သူ့သားသမီးမြေးမြစ်များ ခြံရံလျက် ငါသည် ရှေးကတောင့်တခဲ့သော အလှူကြီးကို ယခုလှူဒါန်းရလေပြီ။ သူလှူထားသည့် ကျောင်းပြာသာဒ်များကို လှည့်ပတ်ကြည့်ရှုပြီး ဝမ်းမြောက်လှသောကြောင့် ငါးဂါထာဖြင့် အသံ သာယာစွာ ဥဒါန်းကျူးရင့်လေသည်။
ကျောင်းအစ်မကြီး ဝိသာခါအိမ်၌ နံနက်အခါတွင် ရဟန်းသံဃာများ ဝင်ထွက်သွားလာနေသောကြောင့် သင်္ကန်းရောင်တို့ဖြင့် ဝင်းထိန်တောက်ပနေသည်။ အနာထပိဏ်သူဌေးကြီးအိမ်ကဲ့သို့ ဝိသာခါအိမ်မှာလည်း အာဂန္တုဆွမ်း၊ ခရီးသွားဆွမ်း အစရှိသည်တို့ ဆွမ်းမျိုးစုံအသင့်စီမံချက်ပြုတ်ထားရှိ လေသည်။ ဝိသာခါသည် နံနက်ခါ၌ ဆွမ်းများကို ဆက်ကပ်လှူဒါန်းပြီးနောက် နေလွဲသောအခါတွင် ထောပတ်၊ ဆီဦး၊ ပျား၊ ဆီ၊ တင်လဲဟူသော ဆေးပစ္စည်းများကိုလည်းကောင်း၊ ရှစ်ပါးသော အဖျော်ယမကာများကိုလည်းကောင်း လှူဒါန်းစေခဲ့သည်။ ထို့နောက် ဘုရားကျောင်းတော်သို့သွား၍ သံဃာတော်များအား လိုအပ်သလို ဆက်ကပ်လှူဒါန်းလေသည်။
ထို့နောက် ဘုရားရှင်၏ တရားကိုနာကြားပြီးမှ အိမ်သို့ပြန်သည်။ ထို့ကြောင့် ဘုရားရှင်သည် “နောင် သောအခါ၌ ဥပါသိကာမများအား ဧတဒဂ်ရာထူးများ ပေးရာတွင် ရဟန်းတို့ လှူဒါန်း ခြင်း၌ မွေ့လျော်သော ငါဘုရား၏ ဥပါသိကာမများတွင် ဝိသာခါသည် အတော်ဆုံး ဖြစ်လေ၏”ဟူ၍ ဝိသာခါအား “ဒါယိကာ ဧတဒဂ်” အရာ၌ ထားတော်မူလေသည်။
ကောသလမင်းကြီးသည် ထာဝရအလှူကိုမြင်၍ အားကျခြင်း
ရဟန်းငါးရာစီသည် နိဗဒ္ဓ (ထာဝရ) ဆွမ်းအလှူအတွက် အနာထပိဏ်သူဌေး၊ စူဠအနာထပိဏ် သူဌေး၊ ဝိသာခါကျောင်းအစ်မ၊ သုပ္ပဝါသာသူဌေးကတော်တို့၏ အိမ်အသီးသီးသို့ ကြွနေလေသည်။ ကောသလ မင်းကြီးသည် ရွှေနန်းတော်ပြာသာဒ်တွင်ရပ်လျက် မြို့တွင်းသို့ကြည့်သော် ဤသို့ရဟန်း သံဃာနှစ်ထောင်မျှတို့ ဆွမ်းခံကြွသည်ကို မြင်လေသည်။ အကြောင်းခြင်းရာကို မေးမြန်းသောအခါသိ၍ ဘုရားရှင်ကျောင်းသို့သွားပြီး မင်းကြီးသည် ဘုရားရှင်နှင့်တကွသော သံဃာတစ်ထောင်ကို ခုနစ်ရက်တိုင်တိုင် ဆွမ်းပင့်ဖိတ်၍ သူကိုယ်တိုင် ကိုယ်ထိ လက်ရောက်ဆွမ်းကပ်တော်မူသည်။
ဤသို့ဆွမ်းကပ်၍ ခုနစ်ရက်တိုင် ပြီးသွားသောအခါဆက်၍ ဘုရားရှင်အား “မြတ်စွာဘုရား ရဟန်း ငါးရာနှင့်တကွ နေ့စဉ် နန်းတော်သို့ကြွရောက် ဆွမ်းဘုဉ်းပေးတော်မူပါ” ဟု လျှောက်ထားလေသည်။ ဤသို့ မင်းကြီးက လျှောက်ထားသည့်အခါ ဘုရားရှင်က “မင်းကြီး ဘုရားရှင်တို့မည်သည် တစ်နေရာတည်း၌ အမြဲမပြတ် ဆွမ်းခံခြင်းမရှိကြကုန်။ လူအပေါင်းတို့သည် ဘုရားရှင်၏ ကြွရောက်လာခြင်းကို အလိုရှိကုန်၏”ဟု မိန့်တော်မူသည်။
မင်းကြီးသည် ဘုရားရှင်မိန့်တော်သည်ကို ကြားသိရသောအခါ “မြတ်စွာဘုရား ရဟန်းငါးရာနှင့်တကွ နိဗဒ္ဓရဟန်းတစ်ပါးကိုမူ စေလွှတ်တော်မူပါ” ဟု လျှောက်ထားလေသည်။ ဘုရားရှင်ကလည်း အရှင်အာနန္ဒာကို ကြွစေသည်။ ဤသို့ဖြင့် အရှင် အာနန္ဒာနှင့် ရဟန်းငါးရာတို့သည် မင်းကြီး၏နန်းတော်သို့ နေ့စဉ် ဆွမ်းခံကြသည်။ ခရီးဦးကြိုပြုခြင်း၊ သပိတ်များကမ်းယူခြင်း၊ ဆွမ်းကျွေးကိစ္စတို့ကို မင်းကြီးသည် မည်သူ့ကိုမျှတာဝန်မပေးဘဲ ဆောင်ရွက်လုပ်ကိုင်နေသည်မှာ ခုနစ်ရက်သောအခါ မင်းကြီးသည် ပင်ပန်းသွားသည်။ ထို့ကြောင့် မင်းကြီးသည် သတိမေ့၍ နန်းတွင်းသူ နန်းတွင်းသား မည်သူ့ကိုမျှ ဤရဟန်းကိစ္စကို တာဝန်မပေးဘဲနေသည်။ ဤသို့ မင်းချင်းတို့ကလည်း တာဝန်မပေးလျှင် မဆောင်ရွက်ဝံ့ကြပါ။ ထို့ကြောင့်ကြွလာ သော ရဟန်းသံဃာများသည် တစ်စတစ်စနှင့် နည်းလာလေသည်။ သုံးရက်မြောက်သောနေ့တွင် အရှင်အာနန္ဒာတစ်ပါးတည်းသာ ကြွလာသည်။ ဤအဖြစ်ကို မင်းကြီးသိလာသောအခါ ဘုရားရှင်ထံသို့သွား၍ ရဟန်းတို့ မကြွလာကြောင်း လျှောက်ထားလေသည်။
ဘုရားရှင်က “မင်းကြီး ရဟန်းတို့သည် အသင်မင်းကြီးနှင့် အကျွမ်းဝင်ခြင်းမရှိသဖြင့် မကြွခြင်းဖြစ်မည်။ ရှေးအခါက ပညာရှိတို့သည် အကျွမ်းဝင်သူများရှိရာသို့သွားလာကြကုန်၏” ဟု မိန့်တော်မူပြီး “ကေသဝဇာတ်”ကို ဟောကြားတော်မူသည်။
ထိုအခါ မင်းကြီးသည် ဤသို့အကြံဖြစ်လေသည်။ “ငါသည် ဘုရားရှင်၏ အမျိုးနွယ် သတို့သမီးကို ခေါ်ဆောင်ထားမှ ရဟန်းများနှင့် အကျွမ်းတဝင်ရင်းနှီးပြီး ရဟန်းသံဃာ၊ သာမဏေတို့ အမြဲမပြတ် လာပေမည်”ဟု အကြံဖြစ်လေသည်။ ထို့ကြောင့် မင်းကြီးသည် ကပိလဝတ်ပြည် သာကီနွယ်ဝင်မင်းများထံသို့ တမန်တော်များစေလွှတ်ပြီး “ငါ့ထံသို့ သာကီဝင်မင်းသမီးတစ်ယောက်ကို ဆက်ကြပါလော့” ဟု သဝဏ်လွှာပို့လေသည်။
ထိုအခါ သာကီဝင်မင်းတို့သည် စုဝေးကြပြီး တိုင်ပင်ကြသည်။ “ငါတို့ မပို့ကြလျှင် ငါတို့မျိုးရိုးကို ဖျက်ဆီးလိမ့်မည်။ ငါတို့အမျိုးသည် တခြားမျိုးနွယ်များနှင့် ဆက်ဆံရန်မဖြစ်နိုင်၊ ဘယ်သို့လုပ်ကြမည်နည်း” ဟု ကြံတွေး၍ အကျပ်ရိုက်နေကြသည်။ ထိုအခါ “မဟာနာမ” မည်သော သာကီနွယ်မင်းက ငါ့ကိုအစွဲပြု၍ “နာဂမုဏ္ဍာ” မည်သောကျွန်မ က မွေးဖွားသည့် လှပတင့်တယ်သော “ဝါသဘခတ္တိယာ”မင်းသမီးတစ်ပါးရှိသည်။ ယင်းကျွန်မသမီးကို ပို့လျှင်ကောင်းမည်ဟု ပြောလာသည်။ သာကီဝင်မျိုးစုက သဘောတူကြသည်။ ထို့ကြောင့် မင်းကြီးထံသို့ သမီးရတနာဆက်သမည်ဖြစ်ကြောင်း အကြောင်းပြန်လေသည်။
မင်းကြီးသည် အကြောင်းကြားသည်ကို သိသောအခါ “ဖခင်မင်းကြီးနှင့်အတူ တစ်စားပွဲတည်း၌ ထမင်း စားသည်ကိုမြင်လျှင် ခေါ်လာလော့”ဟု သူ၏တမန်ကို မိန့်ကြားသည်။ မဟာနာမမင်းကြီးသည် မိမိ ထမင်းစားသောအခါ ထိုမင်းသမီးခေါ်၍ ထမင်းအတူစားဟန်ပြသော် တမန်ကမြင်ရ၍ “ဝါသဘ ခတ္တိယာ” ကို ခေါ်လာသည်။ ကောသလမင်းကြီးသည် ထိုမင်းသမီးအား မိဖုရားမြှောက်လေသည်။ များမကြာမီ ရွှေအဆင်းနှင့်တူသော သားတစ်ပါးရရှိလေသည်။ မင်းကြီးသည် မွေးဖွားလာသောသားကို အမည်ပေးရန် သံတမန်ကို “မဟာနာမ” မင်းကြီး ထံသို့ စေလွှတ်လိုက်သည်။
(ဆက်လက်ဖော်ပြပါမည်)