ဗုဒ္ဓဘာသာအဆင့်မြင့် ယဉ်ကျေးမှု သင်တန်းအမှတ်စဉ် (၁) ဖွင့်ပွဲ အခမ်းအနားကျင်းပ

ရန်ကုန်-မေ ၁၆

ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးဖွင့်လှစ်သည့် ဗုဒ္ဓဘာသာ အဆင့်မြင့် ယဉ်ကျေးမှု သင်တန်းအမှတ်စဉ် (၁) ဖွင့်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ (၁) နာရီတွင် ရွှေတိဂုံစေတီတော် အနောက်ဘက်မုခ်  အောက်ပစ္စယာရာဟုထောင့်ရှိ မဟာဗုဒ္ဓဝင်ပြခန်း ခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ဂေါပကအဖွဲ့ဝင်များ ဆုထူးပန် အဘိဓမ္မာပြန့်ပွားရေးအသင်း ဥက္ကဋ္ဌ ဌေးလွင်နှင့် တာဝန်ရှိသူများ၊ သင်တန်းနည်းပြဆရာကြီး ဦးဟန် (မဟာသဒ္ဓမ္မဇောတိကဓဇ) နှင့် နည်းပြများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆိုဘုရား ကန်တော့၍ ဖွင့်လှစ်ကြပြီး ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ အလှည့်ကျသဘာပတိ ဦးတင်ဝက အမှာစကား ပြောကြားသည်။

ထို့နောက် ဆုထူးပန်အဘိဓမ္မာ ပြန့်ပွားရေးအသင်း ဥက္ကဋ္ဌ ဦးဌေးလွင်က သင်တန်းဖွင့်လှစ်ရခြင်းနှင့် စပ်လျဉ်း၍ သိမှတ်ဖွယ်ရာများကို ပြောကြားပြီး သင်တန်းနည်းပြဆရာကြီး ဦးဟန် (မဟာသဒ္ဓမ္မဇောတိကဓဇ) က သင်တန်းဖွင့်လှစ် သင်ကြားရခြင်းနှင့် ပတ်သက်၍ မုဒိတာစကား ပြောကြားသည်။

သင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ (၃၀) တက်ရောက်ကြပြီး သင်တန်းကာလမှာ မေ ၁၆ ရက်မှ မေ ၂၇ ရက်အထိ ရက်သတ္တပတ် ၂ ပတ် ကြာမြင့်မည် ဖြစ်သည်။

အဆိုပါ သင်တန်းကို ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ရုံး ဝန်ထမ်းများ၊ စေတီတော်ကြီး၏ ဝေယျာဝစ္စ လုပ်ငန်းများဆောင်ရွက်ရာတွင် ထေရဝါဒ ဗုဒ္ဓဘာသာ ယဉ်ကျေးမှု ဓလေ့ထုံစံများကို သိရှိလိုက်နာစေရန်၊ ကိုယ်ကျင့်သီလ ပိုမိုစောင့်ထိန်းလာနိုင်စေရန်နှင့် အများပြည်သူနှင့် ဆက်ဆံပြောဆိုရာတွင် ကိုယ်နှုတ်နှလုံး ယဉ်ကျေးသိမ်မွေ့စေရန် ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း သိရသည်။

သတင်းစဉ်