ဗုဒ္ဓပြတိုက်ကြီး ဖြစ်လာတော့မည့် မဟာသကျမာရဇိန် ကျောက်တော်ကြီးဘုရား

မန္တလေး ၇ ဖေဖေါ်ဝါရီ

 

မန္တလေးမြို့ရှိ တန်ခိုးကြီးဘုရားများကို လှည့်လည်ဖူးမြော်ရသည်မှာ တစ်ခေါက်နှင့် တစ်ခေါက် မတူဘဲ မမှတ်မိအောင် ဘက်စုံဖွံ့ဖြိုးရေးလုပ်ငန်းများ တိုးတက်လျက်ရှိသည်။  စာရေးသူမကြာခဏ ရောက်ရှိသွားသော တန်ခိုးကြီးဘုရားများမှာ မဟာမုနိဘုရားကြီး၊ မဟာသကျမာရဇိန် ကျောက်တော်ကြီးဘုရား၊ မဟာလောကမာရဇိန် ကုသိုလ်တော်ဘုရားနှင့် ရွှေကျီးမြင်စေတီ၊ ဘုရားနီဘုရားနှင့် တဝဂူဘုရားတို့ဖြစ်ကြသည်။

 

မန္တလေးတောင်ခြေရှိ မဟာသကျမာရဇိန် ကျောက်တော်ကြီး ဘုရားမှာ မန္တလေးတောင်ဘက် သုဓမ္မာဇရပ်များဆီသွားရင်း မကြာခဏ ဝင်ရောက်ဖူးမြော်သည်။ ယခုတစ်ခေါက် ဝင်ရောက် ဖူးမြော်ရာတွင် လပိုင်း၊ ရက်ပိုင်းကလေးမှာပင် ပြုပြင်မွမ်းမံထားမှုကြောင့် တိုးတက်မှုတွေ၊ ဂန္ဓကုဋိတိုက် ဝန်းကျင်တွင်လည်း ထူးထူးခြားခြား တွေ့ရသည်။ တိုးချဲ့ ပူဇော်ထားသော နှစ်ကျိပ်ရှစ်ဆူ စကျင်ကျောက် ရုပ်ပွားတော်များ၊ ရွှေစောင်းတန်း၊ ငွေစောင်းတန်း၊ ပတ္တမြားစောင်းတန်း၊ နီလာစောင်းတန်းများ တည်ဆောက်မွမ်းမံထားခြင်း၊ ဘုရားရင်ပြင်တော် ပတ်ပတ်လည် လှည့်လည်ကြည်ရှု ကြည်ညိုနိုင်စေရန် ပါကေးကျောက်ပြားများ ခင်းကျင်းထားခြင်း၊ စောင်းတန်းတစ်လျှောက် ဘေးပတ်လည်တွင် ကြည်ညိုဖွယ်ဖြစ် စေရန် ရန်ကုန်၊ မန္တလေး၊ ကျောက်ဆည်၊ စစ်ကိုင်း၊ မုံရွာ တန်ခိုးကြီး ဘုရားစောင်းတန်းများမှ နိပါတ် ပန်းချီကားများကို ပုံကူးယူ၍ နိပါတ်ပန်းချီကားများ ချိတ်ဆွဲပြသထားခြင်း၊ ယင်းသို့ ပြသ ထားသည်မှာ နိပါတ်ပန်းချီ အလျား ၃ ပေ၊ အနံ ၂ ပေရှိ ဖိုက်ဘာ အကြည်ပြား ကနုတ်ဘောင်ဖြင့် ပြုလုပ်ထားသော ပန်းချီကားပေါင်း ၁၂၀ဝ ကျော် ရှိနေပြီး သာသနာပြုရသေ့ကြီး ဦးခ္တီ၏ ယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းသောအားဖြင့် နိပါတ် ပန်းချီကားများ စုဆောင်းရှာဖွေ ထိန်းသိမ်းပြသထားခြင်း ဖြစ်ကြောင်းလည်း မဟာသကျမာရဇိန် ကျောက်တော်ကြီးဘုရား ဂေါပကအဖွဲ့ ဥက္ကဋ္ဌ အဂ္ဂမဟာ သီရိသုဓမ္မမဏိဇောတဓရ ဒေါက်တာဦးကျော်ဝင်း (မန်းမြေရာဇာ)က ပြောကြားသည်။

 

ဗုဒ္ဓပြတိုက်တွင်လည်း တိုးချဲ့ မွမ်းမံထားသည့် ထွက်တော်မူပန်းချီကား၊ မင်းတုန်းမင်း ကျောက်တော်ကြီးဘုရား ရေစက်ချ နိပါတ်ပန်းချီကားနှင့် ကျောက်သပိတ်ကြီးတို့ ရှေ့တွင် ဘုရားဖူးများ ပြည့်ကျပ်နေသည်။ ဘုရားဖူးလာသူများ စိတ်ချမ်းသာစွာဖြင့် လှည့်လည်ကြည့်ရှုနိုင်စေရန် ကိုးပေအမြင့်ရှိ ရွှေမောင်း၊ ငွေမောင်း၊ ပတ္တမြားမောင်း၊ နီလာမောင်း စသည့် မင်္ဂလာမောင်းတော်ကြီး လေးလုံးကိုလည်း ထောင့်လေးထောင့်တွင် စိုက်ထူပြသထားသည်။ မဟာ မုနိဘုရားကြီးမှ ကြေးမောင်းကြီးပြီးလျှင် ဒုတိယအကြီးဆုံးမောင်း ကြီးများဖြစ်သည်။ စနေထောင့်တွင်လည်း မသိုးသင်္ကန်းရက်လုပ် ပူဇော်ပွဲကျင်းပရန်အတွက် ရှေးဟောင်းရက္ကန်းစင် ငါးစင် ရှာဖွေပြသထားသည်။ မသိုးသင်္ကန်းရက်ပြိုင်ပွဲကို မန္တလေးတောင်ခြေ ကျောက်တော်ကြီးဘုရားအတွင်း ကျင်းပလျှင် ဘုရားဖူးလာ ပရိသတ်များဖြင့် အထူးစည်ကားမည်ဖြစ်သည်။

 

မဟာသကျမာရဇိန် ကျောက်တော်ကြီးဘုရား ရှေ့မျက်နှာစာတွင် ဘုရားဒါယကာ ပဉမသင်္ဂါယနာတင် မင်းတုန်းမင်းတရားကြီး၏ ပုံတူပန်းချီကားကြီး ပြသထားသည်။ ကျောက်တော်ကြီးဘုရား ဂန္ဓကုဋိတိုက်နှင့် စောင်းတန်းများအတွင်း စိတ်ကြည်နူးမှုရှိစေရန် ရောင်စုံမီးများ ထွန်းညှိပေးထားသည်။ ယခုတစ်ခေါက် ဘုရားဖူးမြော်ရသည်မှာ အသစ်အဆန်းများက ခရီးဦးကြိုနေသည်။ အချို့ဘုရားများတွင် တွေ့ရသော ဘီလူးရုပ်၊ နတ်ရုပ်၊ သိကြားရုပ်တုများလည်း ထောင့် လေးထောင့်တွင် ထုလုပ်ပြသထားရှိသည်ကို တွေ့လာရသည်။ ဘုရားဖူးများအတွက် ရေသန့်စင်များလည်း တွေ့ရပြီး သန့်စင်ခန်း ၂၅ လုံး တည်ဆောက်ပေးထားသည်။

 

အထူးခြားဆုံးမှာ ယခင်ရှိပြီး ဆရာဦးမောင်မောင်၏ ကောသလမင်းအိပ်မက် နိပါတ်ပန်းချီကားများအပြင် ယခုစောင်းတန်းသစ် လေးသွယ်တွင် နိပါတ်ပန်းချီကားတွေ ပတ်ပတ်လည် ချိတ်ဆွဲပြသထားသည်မှာ စိတ်ဝင်စားဖွယ်ဖြစ်သည်။ ဘုရားတန်ဆောင်းများမှ နိပါတ်ပန်းချီကားများ မပျောက်ပျက်ရေး ထိန်းသိမ်းထားခြင်းဖြစ်သည်။ နောင်တွင် သုဓမ္မာဇရပ်များမှာ ပျက်စီးသွားသော နိပါတ်ပန်းချီကားများ နေရာ အစားထိုး ချိတ်ဆွဲပြသထားနိုင်လျှင် သုဓမ္မာဇရပ်များလည်း ပိုမိုသာယာလာမည်ဟု ယုံကြည်သည်။ တစ်နေ့ပြီးတစ်နေ့ တိုးတက်လာနေသော ကျောက်တော်ကြီးဘုရားသို့ ဘုရားဖူးလာရောက်စေချင်သည်။

 

နတ်မောက်ထွန်းရှိန်