အိအိချော(CTQM)

စားသုံးဆီသည် မြန်မာတို့၏ နေ့စဉ်ကြော်လှော်ချက်ပြုတ်ရာတွင် မရှိမဖြစ် အခြေခံစားသောက်ကုန်တစ်ခုဖြစ်ပါသည်။ စားသုံးဆီဟုဆိုရာ၌ ရှေးအစဉ်အဆက် ဘိုးဘေးများလက်ထက်မှပင် စားသုံးလာကြသည့် ပြည်တွင်းဖြစ် မြေပဲဆီနှင့် နှမ်းဆီတို့အပြင် ခေတ်ကာလလိုအပ်ချက်အရ ပြည်ပမှတင်သွင်းလာသော စားအုန်းဆီ၊ နေကြာဆီနှင့် ပဲပုပ်ဆီ စသည်တို့လည်း ပါဝင်နေပါသည်။

မြန်မာတို့၏ စားသုံးဆီစားသုံးရခြင်းအပေါ် နှစ်သက်မြတ်နိုးမှုကို “ဆီရွှဲ ဖွဲတောင် ဟင်းဖြစ်”ဆိုသည့်စကားရပ်က သက်သေခံနိုင်ပါသည်။ ထို့ပြင် ဟင်းချက်စားရာ၌ ဆီနည်းနေသည့်အခါ ဆီပြန် ဟင်းမဖြစ်ဘဲ ခြောက်ခြောက်ကပ်ကပ် ဖြစ်နေပါက “ဆီမပါ ပြားမပါ”ဟု ထုတ်ဖော်ပြောဆိုရလောက်အောင် စိတ်မကျေနပ်မှုကို ပြသတတ်ကြပါသည်။ ဤမျှလောက် စားသုံးဆီစားသုံးမှုကို နှစ်သက်ကြသော မြန်မာပြည်သူများအနေဖြင့် “မိမိတို့ဝယ်ယူသုံးစွဲနေသော စားသုံးဆီအမျိုးမျိုးတို့၏ အရည်အသွေးပိုင်းဆိုင်ရာ အကြောင်းအရာများသည် မိမိတို့ကျန်းမာရေးနှင့် တိုက်ရိုက် ဆက်စပ်နေသည်”ဟူသောအချက်ကို နှလုံးသွင်းထားရမည်ဖြစ်ပါသည်။

အဆီအက်စစ်များဖွဲ့စည်းပုံနှင့် ပါဝင်မှုအချိုးအစား

စားသုံးဆီတို့၏ အရည်အသွေးပိုင်းဆိုင်ရာအကြောင်းအရာများကို လေ့လာကြည့်မည်ဆိုလျှင် စားသုံးဆီတစ်မျိုးချင်းစီ၏ အဆီအက်စစ်များဖွဲ့စည်းပုံနှင့် ပါဝင်မှုအချိုးအစားတို့က အဓိကကျလှပါ သည်။ စားသုံးဆီသည် ဓာတုဗေဒ ဖွဲ့စည်းပုံအရ အဆီအက်စစ် (Fatty Acid) နှင့် ဂလစ်စရော (Glycerol) တို့ ပေါင်းစပ်ပါဝင်နေပါသည်။ ယင်းအဆီ အက်စစ်အပိုင်းတွင် မပြည့်ဝမှုတစ်ခုပါသော အဆီအက်စစ် (Mono Unsaturated Fatty Acid)၊ မပြည့်ဝမှုတစ်ခုထက် ပိုသော အဆီအက်စစ် (Poly Unsaturated Fatty Acid) နှင့် ပြည့်ဝအဆီအက်စစ် (Saturated Fatty Acid) များသည် အချိုးအစားအမျိုးမျိုးတို့ဖြင့် ပါဝင်ပေါင်းစပ်လျက် တည်ရှိကြပါသည်။ ၎င်းတို့၏ ပေါင်းစပ်မှုအချိုးပေါ်မူတည်၍ စားသုံးဆီများ၏ အရည်အသွေးနှင့် ကျန်းမာရေးဆိုင်ရာ အကျိုးသက်ရောက်မှုများ ကွဲပြားနေရခြင်းဖြစ်ပါသည်။

မြန်မာ့စားသုံးဆီ ဈေးကွက်တွင် အရောင်းရဆုံး စားသုံးဆီအမျိုးအစားနှင့် စားသုံးသူများ သုံးစွဲမှုအများဆုံး စားသုံးဆီမှာ “စားအုန်းဆီ” ဖြစ်ပါသည်။ စားအုန်းဆီပြီးလျှင် မြေပဲဆီသည် သုံးစွဲမှု အများဆုံးဆီဖြစ်ပါသည်။

စားသုံးသူတို့ အများဆုံးစားသုံးကြသည့် စားအုန်းဆီသည် ဆီအုန်းသီး၏ အသားပိုင်းကို ကြိတ်ချေခြင်းမှရရှိလာသည့်ဆီကြမ်းကို နည်းပညာသုံး၍ အဆင့်ဆင့်ပြန်လည်သန့်စင်ပြီးမှ ရရှိ လာခြင်းဖြစ်ပါသည်။ ဆီကြမ်းအဆင့်တွင် အနီရောင်အဖြစ် ခပ်ပျစ်ပျစ် တည်ရှိပြီး သန့်စင်ပြီးသော ဆီချောအဆင့်တွင် အဝါရောင်အဖြစ် ပြောင်းလဲလာကာ အရည်နှင့် အနှစ်ပိုင်းတွဲဆက်လျက် တည်ရှိပါသည်။ ယင်းကို အအေးခံ၍ အရစ်ကျခွဲထုတ်ခြင်း ပြုလုပ်ပြီးမှသာ ဆီအရည်ပိုင်းကို ရရှိနိုင်ပါသည်။

သန့်စင်ပြီးသော ဆီချောများနှင့် အအေးခံခွဲထုတ်ပြီးသော ဆီအရည်ပိုင်းတို့သည် ဆီကြမ်းအဆင့်တွင်ပါဝင်နေသည့် မကောင်းသောအချဉ်ဓာတ်၊ အချွဲ ဓာတ်၊ အနံ့နှင့် အရောင်တို့ ကင်းစင်ပြီး ဖြစ်သောကြောင့် စားသုံးဆီအဆင့်ဟု သတ်မှတ်နိုင်ပါသည်။ ထို့ကြောင့် ယင်းတို့၏ ဓာတုဖွဲ့စည်းပုံကို CODEX STANDARD စံချိန်စံညွှန်းတွင် လေ့လာ မည်ဆိုပါက Palm Oil တွင် Palmitic ပြည့်ဝအဆီအက်စစ် (39.3-47.5)၊ Stearic ပြည့်ဝအဆီအက်စစ် (3.5-6.0) နှင့် Oleic မပြည့်ဝအဆီအက်စစ် (36.0-44.0) ပါဝင်နေပါသည်။ ထိုနည်းတူ Palm Olein တွင် Palmitic ပြည့်ဝအဆီအက်စစ် (38.0-43.5)၊ Stearic ပြည့်ဝအဆီအက်စစ် (3.5-5.0) နှင့် Oleic မပြည့်ဝအဆီ အက်စစ် (39.8-46.0) ပါဝင်နေကြောင်း တွေ့ရှိရမည်ဖြစ်ပါသည်။

စားသုံးဆီဈေးကွက်တွင် ဒုတိယ ရောင်းအားအကောင်းဆုံးဖြစ်သည့် မြေပဲဆီကို အဖျင်း၊ အမှော်၊ ဖုန်၊ သဲ၊ ခဲ သန့်စင်ပြီးသော အခွံချွတ်ပြီး မြေပဲဆန်ကို မိရိုးဖလာအတိုင်း ဆုံဖြင့်ကြိတ်၍ဖြစ်စေ၊ ခေတ်မီစက်ဖြင့်ကြိတ်၍ဖြစ်စေ ရရှိနိုင်ပါသည်။ အပူချိန် ၅၀ ဒီဂရီစင်တီ ဂရိတ်အောက်ရှိသော ထုတ်လုပ်မှုဖြစ်စဉ် ကို အသုံးပြုထားသောကြောင့် အအေးကြိတ် သဘာဝဆီရိုင်းအဖြစ် တန်ဖိုးထား စားသုံးကြပါသည်။ ယင်း၏ဓာတုဖွဲ့စည်းပုံမှာ CODEX စံချိန်စံညွှန်းအရ Palmitic ပြည့်ဝအဆီအက်စစ် (8.0-14.0)၊ Stearic ပြည့်ဝအဆီအက်စစ် (1.0-4.5)၊ Oleic မပြည့်ဝအဆီအက်စစ် (35.0-69.0)၊ Linoleic မပြည့်ဝမှုတစ်ခုထက်ပိုသော အဆီအက်စစ် (12.0-43.0) တို့ဖြင့် ဖွဲ့စည်းထားကြောင်း သိရပါသည်။

မြန်မာတို့၏မိရိုးဖလာ စားသုံးဆီတစ်မျိုးဖြစ်သော နှမ်းဆီ

“အစာလည်းဆေး၊ ဆေးလည်း အစာ”ဟု အယူအဆဖြင့် စားသောက်တတ်ကြသည့် မြန်မာတို့၏မိရိုးဖလာ စားသုံးဆီတစ်မျိုးဖြစ်သော နှမ်းဆီကို နှမ်းစေ့လေးများကို အခွံချွတ်၍ကြိတ် သကဲ့သို့ အခွံပါအတိုင်းလည်း ကြိတ်ကြပါသည်။ နှမ်းဆီသည်လည်း အအေး ကြိတ် သဘာဝဆီရိုင်းဖြစ်ပြီး ၎င်း၏ ဓာတုဖွဲ့စည်းပုံသည် CODEX စံချိန်စံညွှန်း အရ Palmitic ပြည့်ဝအဆီအက်စစ် (7.9-12.0)၊ Stearic ပြည့်ဝအဆီအက်စစ် (4.5-6.7)၊ Oleic မပြည့်ဝအဆီအက်စစ် (34.4-45.5)၊ Linoleic မပြည့်ဝမှုတစ်ခု ထက်ပိုသော အဆီအက်စစ် (36.9-47.9) တို့ ပါဝင်နေပါသည်။

စားသုံးဆီတွင် ပါဝင်ဖွဲ့စည်းထားကြသော အဆီအက်စစ်များစွာရှိသည့်အနက် ရာခိုင်နှုန်းအများဆုံးဖြင့် ပါဝင်နေသော အဆီအက်စစ်အမျိုးအစားသည် ၎င်းစားသုံးဆီ၏ ဝိသေသလက္ခဏာ၊ ဂုဏ်အရည်အသွေးနှင့် ကျန်းမာရေးအတွက် အကျိုးသက်ရောက်မှုတို့ကို အဆုံး အဖြတ်ပေးရာတွင် များစွာသက်ရောက်မှု ရှိစေပါသည်။ Palmitic အက်စစ်သည် ကာဗွန်အရေအတွက် ၁၆ လုံးပါသော ပြည့်ဝအဆီအက်စစ် အမျိုးအစားဖြစ်ပြီး နှလုံးရောဂါဖြစ်ပွားစေသော သွေးတွင်း ကိုလက်စထရောမြင့်မားမှုနှင့် ဆက်စပ်နေပါသည်။

Oleic Acid သည် ကာဗွန် ၁၈ လုံး ပါပြီး မပြည့်ဝမှုတစ်ခုရှိသော မိုနိုမပြည့်ဝ အဆီအက်စစ် အမျိုးအစားဖြစ်ပါသည်။ နှလုံးကျန်းမာရေးကို များစွာအထောက် အကူပြုသော အဆီအက်စစ်ဟုလည်း မှတ်သားဖူးပါသည်။ ထို့ပြင် မပြည့်ဝမှု တစ်ခုထက်ပို၍ပါဝင်ပြီး ကာဗွန် ၁၈ လုံး ရှိသော Linoleic Acid သည် Poly Unsaturated Fatty Acid ဖြစ်ကာ နှလုံး ကျန်းမာရေးကို များစွာအထောက်အကူပြုပြီး သွေးအတွင်းရှိ မကောင်းသော ကိုလက်စထရော ပါဝင်မှုကိုလည်း လျော့ကျစေနိုင်ပါသည်။

ဆီအမျိုးအစားများ၏ ဂုဏ်အရည်အသွေးများ

ဤသို့ဆိုလျှင် စားသုံးသူပြည်သူများအနေဖြင့် မိမိတို့ နှစ်သက်စွာဝယ်ယူ စားသောက်နေသော ဆီအမျိုးအစားများ၏ ဂုဏ်အရည်အသွေးများကို နှိုင်းယှဉ်စဉ်းစားနိုင်မည်ဖြစ်ပါသည်။ စားအုန်းဆီ တွင်ပါဝင်သော ပြည့်ဝအဆီအက်စစ်များ၏ပမာဏသည် မြေပဲဆီ၊ နှမ်းဆီတို့ထက် များစွာမြင့်တက်နေသည်ကို တွေ့ရှိနိုင်သကဲ့သို့ မြေပဲဆီနှင့် နှမ်းဆီတို့တွင်ပါဝင်သော ကျန်းမာရေးအကျိုးပြု မပြည့်ဝ အဆီအက်စစ် အမျိုးအစားများသည် စားအုန်းဆီတွင် ပါဝင်မှုပိုနည်းနေသည်ကို တွေ့ရမည်ဖြစ်ပါသည်။ ထို့ကြောင့် စားအုန်းဆီကို နှစ်ရှည်လများ ပမာဏ အတိုင်းအတာ အချိန်အဆမရှိဘဲ စားသောက်နေကြသူများအနေဖြင့် မိမိတို့၏ သွေးတွင်းကိုလက်စထရော အတိုင်းအတာနှင့် နှလုံးအခြေအနေတို့ကို စစ်ဆေးထားသင့်ပါသည်။

ကျန်းမာရေးစစ်တမ်း ကောက်ယူချက်များအရ မြန်မာနိုင်ငံ၏သေဆုံးမှု အများဆုံး ၁၀ မျိုးတွင် နှလုံးသွေးကြော ကျဉ်းရောဂါကြောင့် သေဆုံးမှုအများဆုံးဖြစ်ပြီး သုတေသနတွေ့ရှိချက်များအရ စားအုန်းဆီတွင်ပါဝင်သော ကိုလက်စထရောပမာဏသည် အခြားဟင်းသီး ဟင်းရွက်ဆီများအောက် နည်းသော်လည်း ၎င်းတွင် ပြည့်ဝဆီများစွာပါဝင် နေသောကြောင့် နှလုံးရောဂါ၊ နှလုံး သွေးကြောကျဉ်းရောဂါနှင့် သွေးတိုးရောဂါတို့ကို ပိုမိုဖြစ်နိုင်စေကြောင်း လေ့လာသိရှိရပါသည်။

စားအုန်းဆီရောင်းဝယ်မှုများ

ကမ္ဘာ့နိုင်ငံများ၏ စားအုန်းဆီ ရောင်းဝယ်မှုကို လေ့လာကြည့်မည် ဆိုပါက ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၁ ခုနှစ် အတွင်း အီသီယိုးပီးယားနိုင်ငံသည် စုစုပေါင်း စားသုံးဆီသုံးစွဲမှု ၆၃၀၀၀၀ MT ဝန်းကျင်ရှိခဲ့ပြီး ၎င်း၏ ၉၀ ရာခိုင် နှုန်းမှာ မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံတို့မှ တင်သွင်းသော စားအုန်းဆီများဖြစ် ကြောင်း၊ ၂၀၀၈ ခုနှစ်အတွင်း စားသုံးဆီ တင်သွင်းမှုအတွက် ဒေါ်လာသန်းပေါင်း ၅၅၀ သုံးစွဲခဲ့ရာ ယင်း၏ ၈၈ ရာခိုင်နှုန်း သည်လည်း မလေးရှားနှင့် အင်ဒိုနီးရှား နိုင်ငံတို့မှ စားအုန်းဆီများဖြစ်ကြောင်း၊ ပြည့်ဝဆီစားသုံးခြင်း၏ အကျိုးသက်ရောက်မှုအနေဖြင့် ယင်းနိုင်ငံအတွင်း နှလုံးရောဂါ ခံစားရသူများပြားလာခဲ့ကြောင်း လေ့လာသိရှိရပါသည်။

စားအုန်းဆီသည် ကမ္ဘာ့နိုင်ငံအသီး သီးရှိ ဟင်းချက်ဆီအုပ်စုတွင်ပါဝင်သော စားသုံးဆီဖြစ်သော်လည်း ကျန်းမာရေး အထောက်အကူပြု စားသုံးဆီအုပ်စုဝင် အဖြစ် ရပ်တည်နိုင်ခြင်းမရှိခဲ့သည်မှာ ယင်းတွင် ပမာဏများစွာပါဝင်နေသော ပြည့်ဝဆီကြောင့်ဖြစ်ပါသည်။ ထို့ကြောင့် ၂၀၀၃ ခုနှစ်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)နှင့် စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာ အဖွဲ့ (FAO) တို့ကလည်း ပြည့်ဝဆီအလွန် အကျွံစားသုံးခြင်းသည် နှလုံးရောဂါခံစားရန် ဖြစ်နိုင်ခြေများကြောင်း ထုတ်ပြန် ခဲ့ခြင်းဖြစ်ပါသည်။

ဆီကိုစား၍ အသားမဖြစ်သော်လည်း နေ့စဉ်လှုပ်ရှားသွားလာမှုများ ပြုလုပ်နိုင်ရန်အတွက် လိုအပ်သောစွမ်းအင်ကိုရရှိနိုင်ရန် စားသုံးဆီကို မစားမဖြစ်စားနေကြရမည်ဖြစ်ပါသည်။ သို့သော်လည်း မိမိတို့၏ ကျန်းမာရေးကိုရှေးရှုပြီး ပြည့်ဝဆီများကို ရှောင်ရှားကြရမည်ဖြစ်ပါသည်။ တစ်ဖက်တွင်လည်း မပြည့်ဝဆီအများ အပြားပါဝင်ပြီး ကျန်းမာရေးကို အထောက်အကူပေးနိုင်သော ပြည်တွင်းဖြစ် မြေပဲဆီ၊ နှမ်းဆီတို့ကို ရွေးချယ်ဝယ်ယူကာ အနည်းဆုံးပမာဏလျှော့ချပြီး စားသောက်နေထိုင်သွားသင့်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။

ကျမ်းကိုးစာရင်း

၁။ MWD Web Portal, Myawaddy.net.mm

၂။ https://www.jstage.jst.go.jp/Article/jos/70/12/70