စာဟောင်းပေကောင်း အစုအဆောင်းသိပ်သည်းဆ

 

 

ညွန့်ဟံ(ကြူတော)

 

လောကဓမ္မတာအရ အဟောင်းအသစ်ဖြစ်စဉ်တရားတွင် အဟောင်းအဟောင်းတို့ချုပ်ငြိမ်းရာတွင် အသစ်အသစ်များ အစားထိုးဝင်ရောက်လာတတ်ပေသည်။ အဟောင်းကိုပစ် အသစ်ကိုရှာကြခြင်း၊ အသစ်စက်စက်ကိုမှ တပ်မက်ခြင်း ဆန္ဒသည် လူသားတို့မကင်းနိုင်အောင် ရှိကြရပေသည်။ သို့ရာတွင် အသစ်တွေ ဘယ်လိုကောင်းကောင်း အဟောင်းကိုတော့ တလည်လည်ဟူသော စကားလည်းရှိသည်။ ဟောင်းသာဟောင်း၏ ကောင်းသော အရာများရှိသကဲ့သို့ သစ်သာသစ်၍ မဖြစ်သောအရာများရှိကြောင်း ဆရာတိုက်စိုး၏ စာကိုးစကားကိုး စာအုပ်ထဲက အမှတ်အသားကလည်း အသုံးချစရာဖြစ်ရပါ၏။

 

ဤသို့ဆိုခြင်းဖြင့် အဟောင်းကိုချည်း ဆုပ်ကိုင် ထားရန်မဟုတ် မြန်မာ့စံနှင့် ဂန္ထဝင်ဟန် ပေါင်းစပ် သော အဟောင်းကို ထိန်းသိမ်းရမည်။ စိတ်ရင်း၊ စေတနာ၊ ဝါသနာနှင့်လည်း သက်ဆိုင်တတ်သည်။ ဥပမာအားဖြင့် ရှေးဟောင်းပစ္စည်းကို မြတ်နိုး တတ်သူတို့သည် ပန်းချီ၊ ပန်းပု၊ ရုပ်တု လူမှုပစ္စည်း၊ အိမ်သုံး၊ လူသုံး၊ ပစ္စည်းကိရိယာများကို စုဆောင်း ခြင်းဖြစ်သည်။ထိုထိုသော ရှေးဟောင်းပစ္စည်းများစွာ သည် တစ်ချိန်က ကျေးလက်တွင် အတွေ့ရများသော်လည်း ယခုစီးပွားလူမှု ဝိသမသမားတို့ကြောင့် ပါးလျားလာပေသည်။ အဟောင်းဂန္ထဝင်အတွက် စိုးရိမ်စရာလည်းဖြစ်သည်။

 

တစ်ခါက ဥရောပမှ ပြတိုက်မှူးကြီး၏ စကားကို အမှတ်ရမိ၏။ “လူတို့၏ ပယောဂကြောင့် ရှေးဟောင်းပစ္စည်းတွေ ယုတ်လျော့ လာပေရာ မနက်မိုးလင်းလျှင် သူ၏ပြတိုက်ကြီး ရှိမှရှိသေးရဲ့လားဟု”သံသယဖြစ်ကာ ကြည့်ရှုမိသည်က အကြိမ် ကြိမ်ဖြစ်လေသည်။ တန်ဖိုးကြီးသော အဟောင်း သည် ယဉ်ကျေးမှုမျက်နှာစာ တန်ဖိုးလည်းဖြစ်၏။ စာရေးသူနှင့် ကျွမ်းဝင်သော မိသားစုသည် မဟာ ဂီတကို စွဲမြဲစွာ ထိန်းသိမ်း၏။ ပြန့်ပွားအောင် အားထုတ်၏။ ဝါသနာနှင့်ဗီဇ ယဉ်ကျေးမှုအတွက် တစ်နိုင်ထိန်းသိမ်းပြီး တစ်ချိန်တွင် မဟာဂီတကို လိုလားသူတို့ သူတို့မိသားစုထံ၌ ဆည်းပူးရကြောင်း တွေ့ရပေရာ ပီတိဖြစ်ပေသည်။ ယဉ်ကျေးမှုအစစ် လူ့အနှစ်စကားရပ်သည် အဟောင်းကို ရည်ညွှန်းခြင်း ဟု နားလည်မိပေသည်။ ဖြည့်စွက်စရာလည်း ရှိပါသည်။

 

ခေတ်ပေါ်‌‌ရှေးဟောင်းစာပေအငွေ့အသက်ဖော်ထုတ်

 

အခုတလော စာရေးသူသည် ဂန္ထဝင်ဂီတ ရှေးဟောင်းမြန်မာမှုအနုပညာ မြတ်နိုးသူတို့၏ လက်ရာများကို မျှဝေလက်ဆောင်ရသဖြင့် ပီတိဖြာမဆုံး ဖြစ်ရလေသည်။ ယခုနှစ်အတွက် အမျိုးသား စာပေဆု မြန်မာ့ယဉ်ကျေးမှုနှင့် အနုပညာစာပေဆုရ အစ်မကြီးရွှေကူနန်းနွဲ့နွဲ့၏လက်ရာ ညောင်ရမ်းခေတ်ဝန်ကြီး ပဒေသရာဇာ၏ မဏိကတ်ပြဇာတ်ကို တေးဂီတရှုထောင့်မှ လေ့လာခြင်းစာအုပ်ဖြစ်သည်။ စာရေးသူတို့ မဏိကတ်ပြဇာတ်ကို တက္ကသိုလ်တွင် သင်ကြား အောင်မြင်ခဲ့ဖူးပါသည်။ယခုကဲ့သို့ ဂီတရှုထောင့်မှ လေးနက်စွာ နားလည်ခံစားမှုမရှိ၊ ကျေးဇူးကြီးလှပါသည်။ ဂန္ထဝင်စာပေဟောင်းကို တူးဆွခြင်းဟု ခံယူမိပေသည်။ ထို့အတူ ယခုပင် မိတ်ဆွေရင်းချာ တေးရေး၊ တေးဆို ရေနံ့သာ ဝင်းမောင်က သူပြုစု သော “ပုဂံ ဂီတ အက ပန်တျာ” စာအုပ်လက်ဆောင်ပေးသည်။ မြန်မာ့ယဉ်ကျေးမှု ခေတ်ဦး ပန်တျာဂီတ အကအကြောင်း စူးစမ်းပြထားသည်။ ခေတ်ပေါ် ဆန်းသစ် အကာနှင့်အနှစ် မသဲကွဲလှသော ဂီတခေတ်တွင် မြန်မာဟန် ဇာတိစိတ်ကို နိုးဆွသော ရှေးဟောင်းစာပေ အငွေ့အသက်ကို ဖော်ထုတ်ခြင်း ခံစားခွင့်ရရှိခြင်းတို့က မြတ်နိုးဖွယ်ဖြစ်လေသည်။

 

ပကတိအခြေအနေအရ ယခုကာလတွင် စာဖတ်သည့် အလေ့အထ ရှားပါးလာကြောင်း၊ ဖေ့စ်ဘုတ်များနှင့် အခြားအွန်လိုင်းတွေကို စွဲမက် ကြောင်း စိုးရိမ်စရာစကားများ ကြားရတတ်သည်။ အလွန်စိုးရိမ်စရာမရှိသေးဟု ဆိုချင်ပေသည်။ ဂန္ထဝင်မြောက် စာဟောင်း၊ စာစု၊ စာစောင်များများ ရှိနေသေးကြောင်း တွေ့ရခြင်းဖြစ်သည်။

 

မကြာမီက စာဟောင်းပေဟောင်း၊ စာကောင်းပေမွန်များ ဝယ်ရောင်းလုပ်ကာ ကြီးပွားသော မိတ်ဆွေရင်းများနှင့် ဆုံဖြစ်သည်။ ယခုတော့ ယင်းအလုပ်ကို စွန့်လွှတ်ထားဟန် ရှိသည်။ သူ၏ အပြောအရ ယခုပုံနှိပ်လောကတွင် စာဟောင်းပေဟောင်းများကို အသစ်ရိုက်နှိပ်ကြကြောင်း စုံလင်ကြောင်း လိုချင်သမျှရနိုင်ကြောင်း၊ သို့ရာတွင် လူ၏မနောအရ စာအုပ်မူရင်း ပုံနှိပ်လက်ရာကိုသာ လိုချင်ကြကြောင်း ပြောပေသည်။ ကျွန်တော့်ထံမှာလည်း စာဟောင်း များရှိပါက ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဆိုလေသည်။ သို့သော် စာဟောင်းပေကောင်း သံယောဇဉ်က ခက်လှသည်။ စာအုပ်ဗီရို စာအုပ်စင်တွင် တင့်တယ်စွာ ရှိနေချင်ဆဲဖြစ်သည်။ ဈေးကောင်းရနိုင်ပါလျက် အလဲအလှယ် မလုပ်လိုသည်မှာ စာချစ်သူများဓလေ့ဟု ဆိုရပေမည်။ အံ့ဩစရာကောင်းသည်မှာ အချို့သော စာအုပ်များသည် အချောင်ရခြင်းဖြစ်သည်။ ဒေါက်တာ ခင်မောင်ညွန့် က သူသည် ဗော်တယ်ကုလားထံမှ စာအုပ်အကောင်း အဟောင်းသမိုင်း စာအုပ်ရခဲ့ဖူးကြောင်း နောင်တွင်လည်း အဆက်အသွယ်ပြုရန် ကမ်းလှမ်းဖူးကြောင်း ရေးသားဖူးသည်။ စာရေးသူသည် လွန်ခဲ့သည့် နှစ်ငါးဆယ်ခန့်က ဗော်တယ်ကုလားထံမှ သေနင်္ဂဗျူဟာ စစ်ပညာကျမ်းကို ထိုစဉ်က နှစ်ကျပ်ခွဲဖြင့် ရဖူးသည်။ အကြိမ်ကြိမ်အဖန်ဖန် ထုတ်နုတ်သုံးစွဲခဲ့၏။ ငွေကြေးလည်းရသည်။ ယခုတိုင် စာအုပ်ဗီရိုထဲ၌ ရှိနေဆဲဖြစ်သည်။ ကိုးကားစရာ ကောင်းသဖြင့် လက်မလွှတ်နိုင် စာပေဝေငှခြင်း KNOWIEDGE SHARING ဟုဆိုသော်လည်း တစ်ကိုယ်ကောင်း ဆန်နေမိသည်။

 

စာဟောင်းများကား ယခုတိုင် အသုံးကျ ကိုးကားနေရဆဲဖြစ်

 

မြန်မာ့စာပေ ယဉ်ကျေးမှုသမိုင်းတို့သည် ပေပုရပိုက်များမှ အစပြုခဲ့၏။ ပုံနှိပ်စာ နှစ်နှစ်ရာ ကျော်ရှိပြီဆိုသော်လည်း ကိုလိုနီခေတ်ကျမှ တွင်ကျယ်ခြင်းဖြစ်၏။ အလျင်ကာလများက ပေ ပုရပိုက်များကိုသာ အားထားလေ့လာရသည်။ သို့ရာတွင် သီပေါမင်းပါတော်မူသည့် ၁၈၈၅ ခုနှစ် နိုဝင်ဘာ ၂၉ ရက်တွင် နန်းတွင်းပစ္စည်းများ လုယက် ခြင်းခံရသည်။ စစ်သားများက လိုချင်သလောက် မွှေနှောက်ကြသည်။ ပေပုရပိုက်များကို မီးရှို့သည်မှာ ခုနစ်ရက်တိုင်တိုင် ဖြစ်လေသည်။ သို့ဖြင့် ကာနယ် စလေဒင်က တားမြစ်ပြီး ကျန်ရှိသော ပေပုရပိုက် လှည်းအစင်းရေ ၄၀ ကျော်ကို ရန်ကုန်အတွင်းဝန်ရုံး သို့ပို့ကာ စိစစ်ရပေသည်။ တာဝန်ယူရသူမှာ ပုဂံဝန်ထောက်ဦးတင် ဖြစ်သည်။ စာပေယဉ်ကျေးမှုကို ထုတ်နုတ်စာအုပ်ပုံနှိပ်သည်။ ကဗျာပန္နသာရကျမ်း နှင့် မြန်မာမင်းများ အုပ်ချုပ်ပုံ စာတမ်းငါးစောင် ရရှိသည်။ တန်ဖိုးရှိလှသည်။ ထိုအကြောင်းကို ဆရာကြီး ဆင်ဖြူကျွန်းအောင်သိန်းက ဦးတင်၏ စာပေအနှစ်ချုပ်ကို ချီးကျူးပြောဆိုရေးသားဖူးပေသည်။ ယင်းစာဟောင်းများကား ယခုတိုင် အသုံးကျ ကိုးကားနေရဆဲဖြစ်လေသည်။

 

ကျမ်းဟောင်း ပေစာများရနိုင်သမျှ ဖွေရှာစုဆောင်း

 

အခွင့်သာသဖြင့် တင်ပြရန်ရှိပါ၏။ စာပေသမားများစွာသည် မိတ်ဆွေ အဟောင်းအသစ် ခွဲခြားမှု နှင့်ပတ်သက်၍ “အဝတ်ပုဆိုး တန်ဆာမျိုးကား တစ်နေ့ဆယ်ခါ လဲပါတုံရှောင်း သစ်ကိုင်းကောင်း၏။ အပေါင်းအဖော်ဟု တုံသော်မူ ငယ်ဖော်ငယ်ပေါင်း ဟောင်းမှကောင်း၏” ဟူသော အဆိုအမိန့်ကို ကြားဖူးနားဝရှိကြပြီးဖြစ်ပေသည်။ အဝတ်ပုဆိုး အသစ်ကို မျှော်လင့်တမ်းတဖွယ် ရှိသော်လည်း တကယ့်အရေးတွင် သေချင်းပေါင်း၊ ရှင်ချင်းပေါင်းအတွက် ငယ်ပေါင်းကြီးဖော်ကိုသာ အလိုရှိအပ် ကြောင်း မန်လည်ဆရာတော်ကြီးက မဃဒေဝ လင်္ကာသစ်တွင် ရေးဖွဲ့ခဲ့ခြင်း ဖြစ်ပေသည်။ ယင်းကျမ်းစာအုပ်ပင် ကိုလိုနီခေတ်ကတည်းက ပေါ်ထွန်းခဲ့ရာ အကြောင်းရပ် အမျိုးမျိုးစုံလင်သဖြင့် မှီငြမ်းကိုးကားရသည့် စာကောင်းပေကောင်းအဖြစ် ရှုမြင်ရခြင်းဖြစ်သည်။ စာရေးသူသည် ကျမ်း သုတေသနဆန်သော စာပေများကို ဖတ်ရှုစိစစ်ခွင့် ရခဲ့ရဆဲဖြစ်၏။ စာမူပြုစုသူတို့သည် ကျမ်းဟောင်း ပေစာများရနိုင်သမျှ ဖွေရှာစုဆောင်း ပြုစုကြ ပြည့်စုံအောင် အားထုတ်ကြပေသည်။ ထို့ကြောင့် ရလဒ်ကောင်းတွေ ထွက်ပေါ်လာ၏။ မျိုးမှန်စာသန့်လည်း ဖြစ်လေသည်။

 

အသုံးချနယ်ပယ်အတွက် တန်ဖိုးကြီးလှ

 

မကြာမီက ဆင်နွှဲခဲ့သော စာပွဲသဘင်ကြီးတွင် စာပေသမားများ ဆုံစည်းဖြစ်ကြသည်။ သုတေသီ များသည် စာဟောင်းပေကောင်းများ ရှာဖွေရင်း လမ်းဘေးဆိုင်အပါအဝင် ဆိုင်ကြီးများ၌ ဆုံမိသည် ကို တွေ့ရသည်။ များစွာသော ရည်ညွှန်းကျမ်းများ သည် စာဟောင်းပေကောင်းအဖြစ် စာကြည့်တိုက် ကြီးများ၌ သိုမှီးငှားရမ်းလေ့ရှိရာ အသုံးချနယ်ပယ် အတွက် တန်ဖိုးကြီးလှ၏။ ဂန္ထဝင်စာပေ အစုဝင် စာမွန်များလည်းဖြစ်ကြောင်း စာပေမြတ်နိုးသူတို့ လေ့လာဆည်းပူးလေ နားလည်လေးစားလေ ဖြစ်ပေသည်။

 

ပြောစရာတစ်ခုတော့ရှိ၏။ စာပေမျိုးဆက် ဖြစ်၏။ စာပေမြတ်နိုးသော မိဘများ၏ အစု အဆောင်းကို ဝါသနာမပါသော သားသမီးများ လက်ဝယ် ဆင်းသက်ခြင်းဖြစ်၏။ တန်ဖိုးမသိသဖြင့် ခက်လှ၏။ အချို့သော စာဟောင်းပေကောင်းများ သည် စုဆောင်းထားသော မိဘများ နောက်ကွယ်တွင် ရောင်းချခြင်းဖြစ်၏။ မတန်မရာပြုသဖြင့် အဟောသိကံဖြစ်ရသည်။ တန်ဖိုးနှင့် ငွေကြေး တန်ဖိုးဆုံးရှုံးကြရကြောင်း သိသာရပါ၏။ အိမ်နီးချင်းစာရေးဆရာ တစ်ဦးသည် စာဟောင်းများ စုကာ ပြုစုရေးသား၏။ စာအုပ်စင်၌ မည်သူကိုမှ စာအုပ်မငှားပါဟူသော စာတမ်းချိတ်ဆွဲထား၏။ စာပေဝေငှခြင်းကိစ္စ အဆုံးသတ်ထားသည်။ သူကွယ်လွန်သည့်အခါ မိသားစုက ဘာမှမလုပ်ရဲ သဖြင့် သေတ္တာထဲထည့်ထားရာမှ ကာလကြာသောအခါ ပိုးထိုး၊ လောက်ထွက်၊ ခြကိုက်၊ ကြွက်စား အလဟဿဖြစ်ရပါ၏။ စာပေစုဆောင်း ကောင်း သော်လည်း အသုံးပြုနယ်ပယ် မဟုတ်သဖြင့် အချည်းအနှီးဖြစ်ကြောင်း မျက်မြင်ဆင်ခြင်မိဖူး ပေသည်။ စာရေးသူကိုယ်တိုင် အဟောင်းအမြင် လေးတွေ စုမိသည်။ မကြာမီက မြန်မာသမိုင်း ကြောင်း ကိုလိုနီခေတ်ပြုစုသူ ဘာသာပြန်ဆရာ တစ်ဦးနှင့် ဆုံဖြစ်ရင်း ရှားပါးစာအုပ် BURMA H စာအုပ်ကို မျှဝေဖြစ်သည်။ ဆရာက နှစ်သက် အသုံးကျပေရာ ဝမ်းသာရပါ၏။ သူကိုယ်တိုင် ထိုက်တန်သော ငွေကြေးချီးမြှင့်ပေသည်။

 

စာရေးသူအတွက် ကွယ်လွန်သူ စာရေးဆရာ ဂီတပညာရှင်တစ်ဦးက စာပေအဟောင်း များစွာ ပေးခဲ့၏။ ထုတ်ယူသုံးစွဲ၍ မကုန်နိုင်။ ရှားပါး အကြောင်းအရာ စာအုပ်များအကြား အတော်ပင် ပြုစုပုံနှိပ်ပါဝင်ခွင့်ရ၏။ အချို့မကြားဖူးသဖြင့် စူးစမ်း ကြသည်ကိုပင် ကျေနပ်မဆုံး ဖြစ်ရပေသည်။ ယခု ကိုယ်တိုင်အရွယ်ရပေပြီ၊ စာပေဟောင်းများ၏ အနာဂတ်အတွက် အဖြေရှာဆဲ ဖြစ်လေသည်။

 

မည်သို့ပင်ဖြစ်စေ ရှေးကျပြီး ခိုင်မာအသားကျ၊ ထုံးမီစံမျှ ကဗျာစကားနှစ်ထွေသော အကြောင်းအရာ များကို မျိုးဆက်သစ်များ လေ့လာစေချင်သည်။ အဟောင်းထဲက အကောင်းများစွာ တွေ့နိုင်ပါသည်။ ဂန္ထဝင်အတွေးအမြင် ဆင်ခြင်တတ်မည်ဟု ခိုင်မာစွာ ပြောလိုပါ၏။ အရိုးကို အရွက်မဖုံးစေချင်ပါ။

 

ခေတ်သစ်နည်းပညာ မီဒီယာနယ်ပယ်လောက်နှင့် တင်းတိမ်မနေသင့်ဟု အကြံပြုချင်ပါ၏။ ရှေးသူဟောင်းများ ဆိုမိန့်သကဲ့သို့ အဟောင်းအသစ် ဖြစ်စဉ်ထဲက အဆိုးကိုပယ် ကောင်းကိုသယ်ဆောင် ပြန့်ပွားဖို့သာ ရှိပေသည်။