စာချုပ်စာတမ်းများ မှတ်ပုံတင်ခြင်းဆိုင်ရာ (ပဥ္စမ)အကြိမ် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

ရန်ကုန် ဇန်နဝါရီ  ၂၈

စာချုပ်စာတမ်းများမှတ်ပုံတင် ဥပဒေနှင့် လယ်ယာမြေဥပဒေတို့အရ  စာချုပ်စာတမ်းများ မှတ်ပုံတင်ခြင်းဆိုင်ရာ(ပဥ္စမ)အကြိမ် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပသည်။ 

အစည်းအဝေးတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က "စာချုပ် စာတမ်းများ မှတ်ပုံတင်ဥပဒေ၏ အဓိက ရည်ရွယ်ချက်ဖြစ်သည့် တည်ဆဲဥပဒေများအရ စာချုပ်စာတမ်းများ တရားဝင်ဖြစ်စေရေး၊ ပြည်သူလူထု၏ပစ္စည်းလွှဲပြောင်းမှုများ တရားဝင်ဖြစ်စေရေးနှင့် ပြည်သူလူထုအား လိမ်လည် မှုမှ အကာအကွယ်ပေးနိုင်ရေး လုပ်ငန်းရပ်များကို ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းတစ်ရပ်အဖြစ် ဥပဒေနှင့် နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း ညွှန်ကြားချက်များနှင့်အညီ မှန်ကန်တိကျစွာ ဝန်ဆောင်မှုပေးရန်လိုကြောင်း၊ အဆိုပါ ဝန်ဆောင်မှုလုပ်ငန်းများသည် တောင်သူလယ်သမားများ၏ အကျိုးစီးပွားဖြစ်ထွန်းမှုနှင့် အခွင့်အရေးများကို ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ပေးနေခြင်း ဖြစ်ကြောင်း။

စာချုပ်စာတမ်းမှတ်ပုံတင်ခြင်းလုပ်ငန်းအား ခေတ်နှင့်လျော်ညီစွာ မြန်မြန်ဆန် ဆန်ဆောင်ရွက်ပေးနိုင်ရေးအတွက်  DDMS (Digital Deed Management Stytem) စနစ်ကို အသုံးပြုဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ လယ်ယာမြေနှင့်ပတ်သက်သောစာချုပ် စာတမ်းများ ကိုလည်း ဥပဒေနှင့်အညီ  မှတ်ပုံတင်ပေးရာ၌ FDMS (Farm Land Deed Management Stytem) စနစ်ကို အသုံးပြုဆောင်ရွက်လျက်ရှိကြောင်း၊ Onlineမှစာချုပ်စာတမ်း မှတ်ပုံတင် လုပ်ငန်းဆောင်ရွက်နိုင်ရေး၊ မူပိုင်ခွင့်နှင့် အရည်အသွေးဆိုင်ရာ ပိုင်ဆိုင်ခွင့်ကိုပြည်သူများ တစ်ပါတည်း ရယူခံစားနိုင်ကြစေရေးအတွက် ဆက်လက်ကြိုးပမ်းသွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦး က စာချုပ်စာတမ်းများမှတ်ပုံတင်ခြင်း၏ ရည်ရွယ်ချက်၊ နိုင်ငံတော်အတွက် ထိုက်သင့်သည့် အခွန်အခများရရှိရန်ဆောင်ရွက်ချက်များ၊ ဥပဒေပါပြဌာန်းချက်နှင့်အညီ ကျင့်သုံးဆောင်ရွက်ရာတွင် သတိပြုဆောင်ရွက်ရမည့် လိုအပ်ချက်များကို ဆွေးနွေးပြောကြား သည်။

လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနအနေဖြင့် (ပဉ္စမ)အကြိမ်မြောက် အလုပ်ရုံ ဆွေးနွေးပွဲကို တစ်နိုင်ငံလုံးတွင် ဇုန်နယ်မြေ(၅)ခု ခွဲခြားသတ်မှတ်၍ ကျင်းပပြုလုပ်သွားရန် စီစဉ်ထားရှိရာ ဇန်နဝါရီ(၇)ရက်က (ပထမ)ဇုန်ဖြစ်သည့် နေပြည်တော်၌ လည်းကောင်း၊ ဇန်နဝါရီ(၁၄)ရက်က (ဒုတိယ) ဇုန်အဖြစ် မန္တလေးမြို့၌ လည်းကောင်းကျင်းပခဲ့ပြီး၊ ယနေ့ ရန်ကုန်မြို့၌ ကျင်းပသော အလုပ်ရုံဆွေးနွေးပွဲသည်(တတိယ)ဇုန်ဖြစ်ပြီး ဇန်နဝါရီ ၂၉ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း၊ အလုပ်ရုံဆွေးနွေးပွဲသို့ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦး ၊ ညွှန်ကြားရေးမှူးချုပ်များ၊ တနင်္သာရီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသ ကြီး ၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့မှ တာဝန်ရှိသူများနှင့် ဖိတ်ကြား ထားသူများတက်ရောက်ကြကြောင်း သိရသည်။

သတင်းစဉ်