စာမလိုက်နိုင်သောကျောင်းသားများ

၂၄  အောက်တိုဘာ

 

ဆရာဟူသည်

 

စာမလိုက်နိုင်သောကျောင်းသားများအား စာမေးပွဲအောင်ရန်သင်ကြားပေးခြင်းသည် ဆရာတစ်ယောက်၏ အဓိက အရည်အချင်းဖြစ်သည်ဟု စာရေးသူခံယူမိပါသည်။

 

အကြောင်းနှစ်ရပ်ကြောင့် ဖြစ်ပါသည်။ ပထမအကြောင်းမှာ ထိုကျောင်းသားများသည် ဆရာ၏ဂရုစိုက် ကြီးကြပ်မှုကို ပိုမိုလိုအပ်သူများဖြစ်ကြသည်။ ပို၍အရေး ကြီးသောဒုတိယအကြောင်းမှာ ထိုကျောင်းသားများ၏ အနာဂတ်ဘဝသည် ဆရာ၏လက်ဝယ်အတွင်း ရှိနေသောကြောင့် ဖြစ်သည်။ လှေတစ်စင်းဖြင့် ပန်းတိုင်သို့ခရီး သွားနေကြသူများဆိုလျှင် ထိုကျောင်းသားများသည် လှေ၏ပေါင်ကိုတွယ်၍ လိုက်ပါနေသူများဖြစ်ကြသည်။ အချိန်မရွေးရေထဲတွင် ပြုတ်ကျကျန်ရစ်ခဲ့ကြနိုင်သည်။

 

စာရေးသူသည် ဆရာဝန်ဘွဲ့ရရှိပြီးသည်နှင့် သင်ကြားရေးနယ်အတွင်းသို့ ခြေစုံပစ်ဝင်ရောက်ခဲ့သည်။ လူနာများနှင့် ထိတွေ့ရသည်ထက် ကျောင်းသားများနှင့် ထိတွေ့ရသည်ကို ပိုမိုနှစ်ခြိုက်မိ၍ဖြစ်သည်။ ဆရာငယ်ဘဝတွင် စာမလိုက်နိုင်သော ကျောင်းသားများအား အပျင်းကြီးသူများ၊ ကြိုးစားလိုစိတ်မရှိသူများ၊ လူဆိုး လူမိုက်များဟု မြင်ခဲ့မိသည်။ နှစ်ပေါင်းလေးဆယ်နီးပါး ကျော်လွန်လာခဲ့ပြီး ယနေ့အချိန်တွင်မူ ထိုကျောင်းသား များအပေါ် အမြင်ပြောင်းလဲသွားသည်။ ဆရာဝန်က လူနာတစ်ယောက်အပေါ် မြင်သောအမြင်ဖြင့် ကြည့်မြင် လာမိသည်။ လူမမာများသည် ကျန်းမာရေးဆိုင်ရာတွင် ချို့တဲ့အားနည်းနေသူများ ဖြစ်ကြသကဲ့သို့ စာမလိုက်နိုင်သော ကျောင်းသားများသည်လည်း ပညာရေးဆိုင်ရာတွင် ချို့တဲ့အားနည်းနေသူများအဖြစ် ကြည့်မြင်လာမိသည်။ ဆရာဝန်သည် လူမမာအား ကျန်းမာအောင်ကုသ ပေးရန်တာဝန်ရှိသကဲ့သို့ ဆရာတစ်ယောက်သည် ပညာရေးရောဂါသည်များဖြစ်သော စာမလိုက်နိုင်သော ကျောင်းသားများအား စာတတ်အောင်သင်ကြားပေးရန် တာဝန်ရှိသည်ဟု ထင်မြင်လာမိသည်။

ထိုကျောင်းသားများကို မည်သို့သင်ကြားပေးသင့်သနည်း၊ စာရေးသူ၏ အတွေ့အကြုံကိုအခြေခံ၍ စာမလိုက်နိုင်သောကျောင်းသားကို သင်ကြားနိုင်သော နည်းစနစ်များကို တင်ပြထားပါသည်။

 

ရှေးဦးစွာ မေတ္တာနှင့်စေတနာ

 

ဆရာနှင့် ကျောင်းသားအကြားတွင် စိတ်ပိုင်းဆိုင်ရာ ဆက်သွယ်မှုတစ်မျိုးရှိနေသည်ဟု စာရေးသူ ခံစားမိသည်။ ထိုဆက်သွယ်မှုမှတစ်ဆင့် ကျောင်းသား သည် ဆရာတစ်ယောက်၏ မိမိအပေါ်ထားရှိသော မေတ္တာနှင့်စေတနာကို ခံစားသိရှိနိုင်သည်။ ပညာသင်ပေးနေသောဆရာသည် မိမိအားမည်မျှစာမေးပွဲအောင် စေချင်သည်၊ မည်မျှလိမ္မာစေချင်သည်ကို သိနိုင်သည်။

ထို့ကြောင့် ရှေးဦးစွာလိုအပ်သည်မှာ ဆရာ၏ ကျောင်းသားအပေါ်ထားရှိသော မေတ္တာနှင့်စေတနာ ဖြစ်သည်။ ရင်တွင်းမှဖြစ်ပေါ်လာသော မေတ္တာနှင့်စေတနာသည် ကျောင်းသားအပေါ် အမှန်တကယ်စူးရှမှုရှိပါသည်။

 

မြန်မာ့ယဉ်ကျေးမှုအရ မေတ္တာနှင့်စေတနာထားခြင်းသည် အနန္တဂိုဏ်းဝင်ဆရာများအတွက် အသစ်အဆန်း မဟုတ်ပါ။ ဗုဒ္ဓဘာသာမဟုတ်သည့် ကျောင်းသားများရှိသော နိုင်ငံခြားတက္ကသိုလ်တွင် သင်ကြားပေးနေသော မြန်မာဆရာ ဆရာမများ၏ စေတနာကို ကျောင်းသားများ အလွန်တန်ဖိုးထားကြပြီး အခြားဆရာများထက် ပိုမိုအားကိုးကြသည်ကို စာရေးသူသတိပြုမိသည်။

 

ကျန်းမာရေးအခြေအနေနှင့် မိသားစုနောက်ခံဘဝ

 

ကျောင်းတွင် ဆရာနှင့်ထိတွေ့ရသောအချိန်သည် ကျောင်းသားတစ်ဦးအဖို့ ပကတိဘဝ၏ အစိတ်အပိုင်း တစ်ခုမျှသာဖြစ်သည်။ ကြီးပြင်းခဲ့ရသောမိသားစုအခြေ အနေနှင့် ရင်ဆိုင်နေရသော မိသားစုဘဝများသည် ကျောင်းသားအပေါ် လွှမ်းမိုးမှုကြီးမားလှပေသည်။ ထို့ကြောင့် မိသားစုဘဝအခြေအနေကို နားလည်ရန် ကြိုးစားပြီး လိုအပ်သလို ဆက်သွယ်ဆောင်ရွက်ခြင်း သည် အကျိုးရှိသောကိစ္စဖြစ်သည်။ ကျောင်းသား၏ ကျန်းမာရေးအခြေအနေသည်လည်း ထည့်သွင်းစဉ်းစားရမည့် အကြောင်းတစ်ရပ် ဖြစ်သည်။

 

မိသားစုအခြေအနေနှင့် ကျန်းမာရေးအခြေအနေ ကောင်းမွန်နေသော်လည်း စာမလိုက်နိုင်သော ကျောင်းသားများတွင် အားနည်းချက်နှစ်မျိုးတွေ့ရှိရသည်။ အသိတရားဆိုင်ရာ အားနည်းခြင်းနှင့် အမူအကျင့်ပိုင်းဆိုင်ရာ အားနည်းခြင်းတို့ ဖြစ်ကြသည်။

 

အသိတရား

အသိတရားသည် ကျောင်းသားတစ်ဦး၏ဘဝကို အဆုံးအဖြတ်ပေးနေသော အကြောင်းအရာဖြစ်သည်။ ကြိုးစားအားထုတ်လိုစိတ်ရှိခြင်းနှင့် အောင်မြင်ခြင်း၊ ကျရှုံးခြင်းတို့ကို ဖြစ်ပေါ်စေသောအကြောင်းလည်း ဖြစ်သည်။

အသိတရားနှင့် ရင့်ကျက်မှုရှိခြင်းတို့သည် ဆက်သွယ်နေကြသည်။ စာမလိုက်နိုင်သောကျောင်းသားများသည် ရင့်ကျက်မှုတွင် အားနည်းနေကြသည့်အလျောက် အသိတရားတွင်လည်း အားနည်းနေကြသည်။ ထို့အပြင် ခိုင်မာသောယုံကြည်ချက်မရှိခြင်း၊ ပြတ်သားသောရည်မှန်းချက်နှင့် ပန်းတိုင်မရှိခြင်းတို့လည်း တွေ့ရတတ်သည်။

 

အသိတရားသည် ငယ်ရွယ်စဉ်အချိန်မှစ၍ တစ်စ တစ်စ စုဆောင်းသိမ်းဆည်းလာသော ပညာဉာဏ်အရာ ဖြစ်၍ နေ့ချင်းညချင်းပြောင်းလဲရန်မှာ လွယ်ကူသောကိစ္စ မဟုတ်ချေ။ သို့ရာတွင် ရင့်ကျက်မှုရှိလာစေရန် လေ့ကျင့် သင်ကြားပေးခြင်းဖြင့် အသိတရားကိုတိုးတက်လာစေနိုင်သည်။

ထိုကျောင်းသားများကို သင့်လျော်သောတာဝန် ကိုယူစေခြင်း၊ ကျန်းမာရေးပညာပေးလုပ်ငန်းများ၊ လူထု ကျန်းမာရေးလှုပ်ရှားမှုများတွင် ပါဝင်စေခြင်းတို့သည် အသိတရားကို ပြောင်းလဲစေနိုင်သည်။ စာအုပ်စာပေ များသည် အသိတရားရရှိရာ ဌာနများဖြစ်ကြသည်။ အတ္ထုပ္ပတ္တိတစ်ခု၊ ဆောင်းပါးတစ်ပုဒ်၊ ဝတ္ထုတစ်ပုဒ်ကို ဖတ်ရှု လေ့လာစေ၍ အချင်းချင်းပြန်လည်ဆွေးနွေးစေခြင်း၊ ဆရာနှင့်ဆွေးနွေးခြင်း သို့မဟုတ်ဝေဖန်ချက်ကို ရေးသား စေခြင်းတို့သည်လည်း ရင့်ကျက်ခြင်းကို လေ့ကျင့်ပေးနိုင် သောနည်းလမ်းများဖြစ်သည်။

 

ထိရောက်စွာကြိုးစားတတ်သောအမူအကျင့်

 

အရာထင်သောကြိုးစားအားထုတ်မှု Smart Study နှင့် အရာမထင်သော ကြိုးစားအားထုတ်မှု Hard Study နှစ်မျိုး၏ ကွာခြားခြင်းကို သိရှိခြင်းသည် ထိရောက်စွာ ကြိုးစားတတ်သော အမူအကျင့်ကို ဖြစ်ပေါ်စေနိုင်သည်။

ထိုနှစ်မျိုး၏ ကွာခြားခြင်းကိုနားလည်ရန် စာရေးသူသည် မောင်းတံ (လီဗာ)ကို ဥပမာပေး၍ ရှင်းပြလေ့ရှိသည်။ မောင်းတံ(လီဗာ)သည် ရူပဗေဒ၏ အခြေခံသဘော တရား ဖြစ်သော စက်၏သာရည် (Mechanical advantage) ကို အသုံးပြုထားခြင်းဖြစ်သည်။ ကြီးမားသော ကျောက်တုံးကြီးတစ်လုံးကို အစွမ်းကုန်အားစိုက်တွန်း၍ ရွေ့လျားနိုင်ခြင်း မရှိသော်လည်း မောင်းတံ(လီဗာ) ကိုအသုံးပြုလျှင် အင်အား အနည်းငယ်ဖြင့် ရွေ့လျားနိုင်သည်။ အရာထင်သော ကြိုးစားအားထုတ်မှု၏ ဥပမာဖြစ်သည်။

 

ဝိုင်းဖွဲ့၍ အချင်းချင်းဆွေးနွေးစေခြင်း

(Peer Learning/ Collaborative Learning)

ထိုကျောင်းသားများကိုအုပ်စုဖွဲ့ပေး၍ အုပ်စုအတွင်း ဝိုင်းဖွဲ့ဆွေးနွေးစေခြင်းသည် ထိရောက်သောနည်းစနစ် တစ်ခုဖြစ်သည်။

အကြောင်းအရာတစ်ခုကို ကြိုတင်သတ်မှတ်၍ အချင်းချင်း အပြန်အလှန်ဆွေးနွေးစေခြင်းဖြစ်သည်။ ဆရာ သည် ဝိုင်း၏အပြင်ဘက်တွင် နေရာယူခြင်းဖြင့် ဆွေးနွေး ခြင်းသည် ဆရာသို့ ဦးတည်တင်ပြနေခြင်းမဟုတ်ဘဲ အချင်း ချင်းအသိဖလှယ်နေစေခြင်းဖြစ်သည်။ ဆရာ၏အခန်းကဏ္ဍမှာ ကျောင်းသားတိုင်းပါဝင်လာရန် လှုံ့ဆော်ပေးခြင်း၊ အမှားများကိုထောက်ပြခြင်းနှင့် လမ်းကြောင်းတိမ်းစောင်း မသွားစေရန် တည့်မတ်ပေးခြင်းသာ ဖြစ်သည်။ ထိုနည်းစနစ်တွင် အားသာချက်များရှိနေသည်။

 

၁။ ကျောင်းသားများသည် ဆရာ ဆရာမများပြော သောစကားထက် အချင်းချင်းပြောစကားများကို ပိုမိုနားဝင်လေ့ရှိသည်။

 

၂။ တစ်ဦးတည်းကျက်မှတ်နေခြင်းထက် ပိုမိုအာရုံစူးစိုက်မှုရရှိပြီး အကြောင်းအရာအပေါ် ပိုမိုစိတ်ဝင်စားမှုရရှိသည်။

၃။ အချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်သော အလေ့အကျင့်ကို ရရှိစေသည်။

 

၄။ ကိုယ်တိုင် တက်ကြွစွာပါဝင်သော လေ့လာ ကျက်မှတ်ခြင်းဖြစ်သည်။

 

၅။ မိမိ၏အားနည်းချက်၊ လိုအပ်ချက်များကို သိရှိနိုင်သည်။

 

၆။ သိထားသည်များကို အချင်းချင်းဖလှယ်နိုင်သည်။

 

၇။ အချက်အလက်များကိုရှာဖွခြေင်း၊ စုစည်းခြင်း၊ ပြင်ဆင်ခြင်း၊ ပြန်လည်တင်ပြခြင်းတို့ကို လေ့ကျင့်ပေးနိုင်သည်။

၈။ သိထားသည်များကို သူများအား ပြန်လည်ရှင်းပြခြင်းသည် မိမိကိုယ်တိုင်လည်း စွဲမြဲစွာ မှတ်မိသွားစေနိုင်သည်။

 

အတန်း၏ရှေ့ခုံများတွင် ထိုင်စေခြင်း

စာသင်ချိန်(Lectures)များတွင် ထိုအုပ်စုကို စာသင်ခန်း၏ရှေ့ဆုံးခုံများတွင် ထိုင်စေခြင်းဖြင့် ထိုကျောင်းသား များသည် ဆရာကမိမိတို့အား ဂရုစိုက်နေသည်ဆိုသော အသိကိုရရှိစေသည်။ ထို့အပြင် အခြားကျောင်းသားများကြောင့် အာရုံ ထွေပြားခြင်းမှလည်း ကာကွယ်ထားနိုင်သည်။

 

မှတ်စုထုတ်ခြင်းကို ကူညီပြသပေးခြင်း

မှတ်စုတိုများသည် ထိရောက်စွာကျက်မှတ်နိုင်ရန် များစွာအထောက်အကူပြုကြသည်။ အထူးသဖြင့် စာမေးပွဲနီးချိန် ပြန်လှန်ကျက်မှတ်ခြင်းတွင် များစွာအသုံးကျသည်။ ပို့ချချက်များကို မှတ်စုထုတ်ခြင်း၊ မိမိကျက်မှတ်ထားသည်များကို မှတ်စုထုတ်ခြင်းများကို စစ်ဆေး၍ ကူညီပေးခြင်းဖြစ်သည်။

 

နေ့စဉ် အချိန်ဇယားရေးဆွဲရာတွင်ကူညီခြင်း

 

အောင်မြင်နေသောသူများအားလုံးသည် အချိန်ကို ထိရောက်စွာ အသုံးချနေသူများ ဖြစ်ကြသည်။ ထို ကျောင်း သားများကို တစ်နေ့တာ၏ ၂၄ နာရီကို ထိ‌ရောက်စွာ အသုံးချတတ်ရန် အချိန်ကို အကျိုးရှိစွာအသုံးပြုနည်း သဘော တရားများကို သင်ကြားပေးခြင်းဖြစ်သည်။

စာမေးပွဲမေးခွန်းဟောင်းများကိုဖြေဆိုစေခြင်း

သင်ကြားလိုက်သော အကြောင်းအရာများကို နားလည်သည်ကတခြား၊ စာမေးပွဲတွင် ဖြေနိုင်သည်က တခြားဖြစ်သည်။ မေးခွန်းများ၏ လိုအပ်ချက်အတိုင်း အချိန် ကိုက်ဖြေနိုင်ရန် ကြိုတင်လေ့ကျင့်ပေးထားခြင်း ဖြစ်သည်။

 

ကျန်းမာရေးကို ဂရုစိုက်စေခြင်း

စုပေါင်းကိုယ်လက်လှုပ်ရှားမှု ပြုလုပ်စေခြင်း၊ စုပေါင်း သတိပဋ္ဌာန်ရှုမှတ်စေခြင်း၊ အမိုးအောက်တွင် ပြုလုပ်နိုင် သောအားကစားပြိုင်ပွဲများ ပြုလုပ်ပေးခြင်းတို့ဖြင့် ကျန်းမာရေးကို ဂရုစိုက်စေခြင်းဖြစ်သည်။

 

ကျောင်းသင်ခန်းစာမှအပဖြစ်သော လှုပ်ရှားမှုများ

 

စာပေဆွေးနွေးခြင်းများ၊ လူထုကျန်းမာရေးလှုပ်ရှား မှုများ၊ စခန်းချခြင်း၊ ခရီးတိုထွက်ခြင်းများဖြင့် အတွေးအမြင်ကို ပိုမိုကျယ်ပြန့်လာစေသည်။

 

တွေ့ကြုံရမည့် အခက်အခဲများ

 

သင်ကြားသောဆရာ၏ ပါးနပ်လိမ္မာမှုသည် အရေး ကြီးလှသည်။ ထိုသင်ကြားနည်းပုံစံ၏ အုပ်စုတွင်း ဝိုင်းဖွဲ့ လေ့လာစေသော (Peer Learning/ Collaborative Learning) သဘောတရားကို သိရှိထားရမည် ဖြစ်သည်။ ထို့အပြင် ဆွေးနွေးခြင်းများပြုလုပ်နေစဉ် နှုတ်ဆိတ်နေသူ များနှင့် နှုတ်သွက်သူများကို အညီအမျှ ပါဝင်လာစေရန် ဆောင်ရွက်နိုင်ရမည်ဖြစ်သည်။ အုပ်စုအရွယ်အစားသည်လည်း ခြေနိုင်လက်နိုင် သင်ကြားနိုင်ရေးအတွက် အရေးကြီးသည်။ အုပ်စုတစ်စု တွင် ကျောင်းသား ၁၂ ဦးထက်မပိုမှသာ ကျောင်းသားအားလုံး ပါဝင်လာနိုင်မည်ဖြစ်သည်။

မကောင်းသောအမူအကျင့်များသည် တစ်ဦးနှင့်တစ်ဦး လွယ်ကူစွာကူးစက်နိုင်ကြသည်။ အုပ်စုအတွင်းရှိ ကျောင်းသားတစ်ဦးဦး၏ မလိုလားအပ်သောအမူအကျင့် တစ်ခုခုသည် အခြားကျောင်းသားအား ကူးစက်နိုင်သည်ကို သတိပြုရမည်ဖြစ်သည်။

 

အဓိကအခက်အခဲမှာ ပျက်ကွက်မှုများဖြစ်သည်။ ကျောင်းသားတစ်ဦးသည် နှစ်ကြိမ်ထက်ပို၍ ပျက်ကွက်ခဲ့ လျှင် အခက်အခဲတစ်စုံတစ်ရာရှိနေနိုင်ပြီ ဖြစ်သည်။ ကျန်းမာရေး၊ မိသားစုရေး၊ စီးပွားရေး၊ အချစ်ရေး၊ လောင်းကစားနှင့် မူးယစ်ဆေးဝါး စသောပြဿနာ တစ်ခုခုရှိနေခဲ့လျှင် ဆရာတစ်ဦးတည်းဖြေရှင်း၍ မရနိုင်တော့ချေ။ ထိုအခါ လိုအပ်သလိုဆက်သွယ်ညှိနှိုင်း ပူးပေါင်းဖြေရှင်းရတော့မည်ဖြစ်သည်။

 

မျှဝေလိုသည်မှာ

 

အတန်းတိုင်းတွင် စာမလိုက်နိုင်သော၊ စာညံ့သော ကျောင်းသားများရှိနေပါသည်။ ထိုကျောင်းသားများ၏ အနာဂတ်ဘဝသည် ဆရာ၏လက်ဝယ်အတွင်းရှိနေသည်။

 

ထိုကျောင်းသားများကို မှန်ကန်သောအသိတရားနှင့် စွဲမြဲစွာကြိုးစားသောအမူအကျင့်တို့ရရှိအောင် သင်ကြားပေးနိုင်ခြင်းသည် ဆရာတစ်ယောက်၏ အဓိက အရည်အချင်းတစ်ရပ်ဟု ဆိုချင်ပါသည်။

ထိုကျောင်းသားများကို ဂရုစိုက်သင်ကြားပေးရန်မှာ ဆရာတစ်ယောက်သည် ပုံမှန်လုပ်ငန်းတာဝန်များထက် ပိုမိုအချိန်ပေးရမည်ဖြစ်၍ မေတ္တာနှင့်စေတနာသည် လွန်စွာအရေးကြီးသောအရာဖြစ်သည်။ မေတ္တာနှင့် စေတနာသည် ငွေကြေးနှင့်တိုင်းတာ၍မရနိုင်သော အရာဖြစ်သော်လည်း နှစ်ဦးနှစ်ဖက်ကောင်းမွန်သော အကျိုးကျေးဇူးကိုမူ မလွဲမသွေရရှိနိုင်စွမ်းရှိကြောင်း တင်ပြလိုက်ရပါသည်။ ။

 

ပါမောက္ခ ဒေါက်တာမောင်

 

Suggested readings:

1. Peer Learning: Enhancing Student Learning Outcomes.

Professor Matthew C.E. Gwee. Centre for Development of Teaching & Learning. National University of Singapore.

www.cdtl.nus.edu.sg/sucess/sl13.htm

2. What is Collaborative Learning?

Smith B. L, MacGregor J.T. Washington Center for Improving the Quality of

Undergraduate Education.

https://www.evergreen.edu

3. Collaborative learning. Wikipedia.

https://en.wikipedia.org.